Wednesday, October 2, 2013

ရန်ကုန်တိုင်းဒေသကြီးရှိ ရဲစခန်းများတွင် အချုပ်ကျသူများအား တစ်ရက်လျင် ကျပ် ၄၈၀ ကျော်နှုန်းဖြင့် ထမင်းကျွေးနေကြောင်း လုံခြုံရေးဝန်ကြီး ပြောကြား

အောက်တိုဘာလ ၃ ရက် ၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရဲစခန်းများတွင် ရဲစစ်ဆေးကာလအတွင်း အချုပ်ကျ တရားခံများအား တစ်ရက်လျင် ၄၈၀ ကျပ်၊ ၈၂ ပြားနှုန်းဖြင့် ထမင်းကျွေးမွေးနေကြောင်း အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

သာကေတမြို့နယ် မဲဆန္ဒနယ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်၏ ''ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ရဲစခန်းများတွင် ရဲစစ်ဆေးကာလအတွင်း အချုပ်ကျ တရားခံများ၏ ကျွေးမွေးစရိတ်များကို တိုးမြှင့်ထုတ်ပေးရန် အစီအစဉ်ရှိမရှိ၊ ကျွေးမွေးစရိတ်များကို မည်ကဲ့သို့ စီမံခန့်ခွဲပြီး နေ့စဉ်မည်မျှ ကုန်သည်ကိုသိလိုကြောင်း'' မေးခွန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ် မတ်လ ၆ ရက် မတိုင်မီအထိ အချုပ်သားတစ်ယောက်၏ ထမင်းတစ်နပ်လျှင် ၁၅ ကျပ်နှုန်းဖြင့် တစ်ရက်လျှင် နှစ်နပ်ကို ကျပ် ၃၀ နှုန်းဖြင့် ကျွေးမွေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် မတ် ၆ ရက်မှ စတင်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ အချုပ်သားတစ်ယောက်ကို ထမင်းတစ်နပ်လျှင် ၂၄၀ ကျပ် ၄၁ ပြားနှုန်း၊ တစ်ရက် ထမင်းနှစ်နပ်ဖြင့် ၄၈၀ ကျပ်၊ ၈၂ ပြားနှုန်းဖြင့် ကျေးမွေးခဲ့သည်မှာ ယနေ့အထိဖြစ်ကြောင်း၊ အချုပ်သား ကျေးမွေးစရိတ် တိုးမြှင့်ပေးရေး အစီအစဉ်သည် တစ်နိုင်ငံလုံးနှင့် ဆိုင်သော ပြည်ထဲရေးဝန်ကြီးဌာန၏ ဘတ်ဂျတ်အရသာဆိုင်သည့် ကိစ္စဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။

အချုပ်ရှိသော ရဲစခန်းတိုင်းတွင် ရဲအချုပ် ကျခံရသူများအတွက် ထမင်း ကန်ထရိုက်ယူကာ နိုင်ငံတော်မှ ကျခံပေးသည့် တစ်ရက် ၄၈၀ ကျပ် ၈၂ ပြားနှုန်းဖြင့် ကျွေးမွေးစေကြောင်း၊ တစ်လလျှင် အချုပ်သား မည်မျှ အနပ်ရေမည်မျှ စားကြောင်းကို နေ့စဉ် အချုပ်သားစာရင်းနှင့် တိုက်ဆိုင်၍ ရဲစခန်း မှတ်ပုံတင်လျှောက်လျှင် လိုအပ်သည့် အရေအတွက်ကို မှတ်သားပြီး ရဲစခန်းမှ အဆင့်ဆင့်တင်ပြချက်အရ ခရိုင်ရဲတပ်ဖွဲ့မှူးမှ ငွေရကြောင်း ပြေစာဖြင့် ထမင်းကန်ထရိုက်ထံ စခန်းမှူးက တစ်ဆင့် ပေးချေကြရကြောင်း၊ ဘဏ်တွင် ငွေစာရင်းဖွင့်နိုင်သည့် ထမင်းကန်ထရိုက်များကို ခရိုင်ရဲတပ်ဖွဲ့မှူးမှ ချက်လက်မှတ်အစား ငွေစာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း နှင့်အညီ ငွေသားဖြင့် ထုတ်ပေးကြောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးက တစ်ရက် ကျွေးမွေးစရိတ်ကို ငွေစာရင်း ခေါင်းစဉ်၌ ၀၃၁၄ အစားအစာရိက္ခာ ခေါင်းစဉ်အောက်တွင် ပေးချေရကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးနှင့်လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။

Eleven

Eleven Media Group

0 comments:

Post a Comment