Thursday, October 3, 2013

ဒေါ်လာ ၂ သန်း ပေးရုံဖြင့် IMAX အဆင့်မြင့် မြင်ကွင်းကျယ် ရုပ်သံစနစ်အား မိမိနေအိမ်တွင် တပ်ဆင်နိုင်ပြီ

ဈေးကြီးပါတယ်။ ဒါပေမယ့် သင်အနေနဲ့ အပိုငွေ ဒေါ်လာ ၁ သန်းကျော် ၂ သန်းခန့် ရှိမယ်ဆိုရင် IMAX ကုမ္ပဏီကို ဆက်သွယ်လိုက်ပါ။ IMAX ရဲ့ ကျွမ်းကျင်လုပ်သားများက သင့်ရဲ့ နန်းတော်အလား အိမ်တော်ရာကို အရောက်လာပြီး ပေ ၁၂၀ ကျယ်မြင်ကွင်းပါဝင်တဲ့ အထူးစပယ်ရှယ် Home Theater စနစ်အား တပ်ဆင်ပေးပါလိမ့်မယ်။ 

IMAX ဆိုတာ သာမန်ရုပ်ရှင် ပိတ်ကားများထက် အဆမတန် ကြီးမားတဲ့ အဆင့်မြင့် မြင်ကွင်းကျယ် ရုပ်သံစနစ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ IMAX ရုပ်ရှင်ရုံ အများအပြား ရှိပါတယ်။ ဒါပေမယ့် အများပြည်သူအတွက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုကတော့ ယခုမှ စတင်လိုက်ခြင်း ဖြစ်ပါတယ်။ 

ကဲဒါဆိုရင် ဒေါ်လာ ၂ သန်း အကုန်ခံနိုင်ပါပြီတဲ့။ ဘာတွေများ ထူးထူးခြားခြား ရနိုင်မှာမို့လို့လဲဟု မေးစရာ ရှိပါတယ်။ ပြောရမယ် ဆိုရင်တော့ အရင်ဆုံးအနေနဲ့ သင့်အိမ်မှာ ပေ ၁၂၀ အကျယ်ရှိ IMAX ပိတ်ကားကို ထားရှိဖို့ နေရာလိုအပ်ပါမယ်။ ဆိုတော့ကာ သင့်အနေနဲ့ နန်းတော်အလား အိမ်ကြီးမှာ နေရမယ်လို့ အစောက ပြောခဲ့တာကို နောက်နေတယ်ထင်ရင် မှားသွားပါပြီ။ 

IMAX အဆင့်မြင့် မြင်ကွင်းကျယ် ရုပ်သံစနစ်ကို ဝယ်ယူတပ်ဆင်မယ်ဆိုရင် ပေ ၁၂၀ အကျယ်ရှိ ပိတ်ကား ၁ ခု ၊ ၇.၁ ပတ်လည်အသံစနစ် ၊ 4K ပုံထွက်ရရှိမည့် ပရော်ဂျက်တာ ၁ လုံးနဲ့ 3D ထွက်ရှိမည့် ပရော်ဂျက်တာ ၁ လုံး၊ ရုပ်ရှင်ရုံပုံစံ ထိုင်ခုံများ ၊ အခန်းဖွဲ့စည်းပုံ စတာတွေအားလုံးကို တာဝန်ယူ ဖန်တီးထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ 

ဒါ့အပြင် IMAX အနေနဲ့ မိမိတို့ထံမှ ဝယ်ယူတပ်ဆင်ထားတဲ့ IMAX ရုပ်သံစနစ်အား ပြုပြင်ထိန်းသိမ်းရေးကို တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အကူအညီ လိုအပ်ပါကလည်း ၂၄ နာရီပတ်လုံး ဖြေရှင်းပေးမည့် ဝန်ဆောင်မှုတို့ကိုပါ ရရှိမည်ဟု သိရှိရသည်။ 

အများကြီး မဟုတ်ပါဘူး။ ဒေါ်လာ ၂ သန်းထဲပါ။

Myanmar Consumer Guide

0 comments:

Post a Comment