Tuesday, May 6, 2014

အာဆီယံ ညီလာခံအတွက် လုံခြုံရေး အင်အား တစ်သောင်းကျော် သုံးမယ်

Photo: အာဆီယံ ညီလာခံအတွက် လုံခြုံရေး အင်အား တစ်သောင်းကျော် သုံးမယ်
wednesday, May 7, 2014

မြန်မာနိုင်ငံမှာ ဒီတပတ်အတွင်း ကျင်းပမယ့် ၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးအတွက် လုံခြုံရေးသမား အယောက်ပေါင်း ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ကို တိုးချဲ့ချထားမယ်လို့ သိရပါတယ်။နေပြည်တော်မှာ မေလ ၁၀ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးအတွက် မြန်မာ လုံခြုံရေးတပ်တွေ အပြင် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol တွေကိုလည်း ချထားမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့တွေထဲမှာ တောင်ကိုးရီးယား၊ ကနေဒါနဲ့ Slovenia နိုင်ငံက ရဲတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Interpol ရဲတွေမှာ ကမ္ဘာ့ နာမည်ပျက် စာရင်းတွေရှိ တဲ့အတွက် မြန်မာလေဆိပ်က သင်္ကာမကင်း ဖွယ်ရာ လူတွေကို သိနိုင်အောင် လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေကို အကူအညီပေးမှာ ဖြစ်ပါတယ်။

အာဆီယံ ခေါင်းဆောင် အကြီးအကဲ တစ်ယောက်အတွက် ရဲမှူးချုပ် တစ်ယောက်က တာဝန်ယူပြီး လက်အောက် အရာရှိ အဆင့်ဆင့်နဲ့ သီးခြား အဖွဲ့တစ်ဖွဲ့က လုံခြုံရေးယူ သွားမယ့် အကြောင်း အာဆီယံ အကြီးအကဲ သွားမယ့် နေရာတိုင်းကို စောင့်ကြပ် ပေးမယ့်အကြောင်း ရဲမှူးချုပ် ဦးစိုးမြိုင်က ပြောတယ်လို့ 7-Day News မှာ ဖော်ပြထားပါတယ်။

လုံခြုံရေး အင်အား တစ်သောင်းကျော်ဦးရေဟာ ဆီးဂိမ်း အားကစား ပွဲတော် အတွင်း အသုံးပြုခဲ့တဲ့ လုံခြုံရေးအင်အားထက် များပြားကြောင်းလည်း သိရပါတယ်။

၂၀၁၃ ခုနှစ်တုန်းက မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ Interpol ရဲအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး Ronald K Noble က မြန်မာနိုင်ငံနဲ့ လုံခြုံရေး ပူးပေါင်းမှုတွေ တိုးမြင့်ဖို့ ကတိပြုခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးအတွင်း အာဆီယံ အသိုင်းအဝိုင်း တည်ထောင်ရေး၊ အာဆီယံ ပြင်ပနဲ့ ဆက်ဆံရေး အကြောင်းတွေ အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးကိစ္စတွေကို ဆွေးနွေး လိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။

အာဆီယံ အသင်းအနေနဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်ခင်မှာ အာဆီယံ စီးပွားရေး အသိုင်းအဝန်းကို တည်ထောင်ဖို့ အရင်ကတည်းက သဘောတူညီခဲ့ကြပါတယ်။

ABC Radio Australia

0 comments:

Post a Comment