Monday, May 5, 2014

ပြည်လုံးကျွတ် မွတ်ဆလင် ညီလာခံ ကျင်းပရန် စီစဉ်

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အနှံ့အပြားတွင် နေထိုင်သော အစ္စလာမ်ဘာသာ ကိုးကွယ်သူ မွတ်ဆလင်များ ပါဝင်နိုင်မည့် မွတ်ဆလင်များ ပြည်လုံးကျွတ် ညီလာခံတစ်ရပ်ကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ပြည်ထောင်စုသားများ၏ တာဝန်နှင့် အခွင့်အရေးများ၊ ကိုးကွယ်ယုံကြည်ခွင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးများတွင် တန်းတူရည်တူ ရရှိရေးများ အပါအဝင် လူနည်းစု အခွင့်အရေးများ ကာကွယ်စောင့်ရှောက်မှုများ ရရှိရန် ရည်ရွယ်ကြောင်း မေလ ၅ ရက်နေ့က တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သည့် အဆိုပါ ညီလာခံ ကျင်းပရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်သော အစ္စလာမ်ဘာသာ ကိုးကွယ်သူ ကမန်၊ ပန်းသေး၊ ပသျှူး၊ ပသီ စသည်တို့ အပါအဝင် အစ္စလာမ်ဘာသာ ကိုးကွယ်သည့် တိုင်းရင်းသားများနှင့် မိရိုးဖလာ အစ္စလာမ် ဘာသာဝင်များ အားလုံး အဆိုပါ ညီလာခံတွင် ပါဝင်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကော်မတီကို မေလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ၄၅၀ ကျော် တတ်ရောက်ခဲ့သည့် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဗဟိုကော်မတီဝင် ၁၂၀ ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၂၅ ဦးနှင့် အကြံပေး ဘုတ်အဖွဲ့ဝင် ၅၀ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“စက်တင်ဘာလ မတိုင်မီ ကျင်းပဖို့တော့ လျာထားတယ်၊ ကော်မတီက မနေ့ကမှ ဖွဲ့တာဆိုတော့ ဆွေးနွေးမယ့် အကြောင်းအရာ အသေးစိတ်ကိုတော့ မပြောနိုင်သေးပါဘူး။ တိုင်းနဲ့ပြည်နယ်တွေက ဗဟိုကော်မတီဝင်တွေနဲ့ ထပ်ပြီး ညှိနှိုင်းရဦးမယ်” ဟု ကော်မတီ အထွေထွေအတွင်ရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ပြောကြားသည်။

ညီလာခံ တက်ရောက်မည့် ဒေသအသီးသီးမှ ကိုယ်စားလှယ်များကို ဘာသာရေး အခြေခံကာ ရွေးချယ်မည် မဟုတ်ကြောင်း၊ မွတ်ဆလင်များ ကြုံတွေ့ရသည့် အခက်အခဲများ၊ ၎င်းတို့၏ ဖြစ်ချင်သည့် ဆန္ဒများနှင့် နိုင်ငံတော်သို့ တင်ပြလိုသည်များကို ဆွေးနွေးတင်ပြနိုင်ကြောင်း ဒုဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ဆိုသည်။
“တခြားတိုင်းရင်းသား လူမျိုးစုတွေလည်း ညီလာခံတွေ လုပ်ကြတယ်၊ ပြီးခဲ့တဲ့ ရခိုင်ညီလာခံမှာ ဆိုရင်လည်း အပြုသဘောဆောင်တဲ့၊ ငြိမ်းချမ်းရေး အသွင်ဆောင်တဲ့ သဘောထားတွေ ထုတ်ပြန်နိုင်ခဲ့တာကို တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ရခိုင်အမျိုးသားညီလာခံကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ မိတ္ထီလာမြို့နယ်၊ လားရှိုးမြို့၊ ဥက္ကံမြို့၊ လှည်းကူး၊ မန္တလေး စသည့် မြို့ကြီးအချို့တွင် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းသို့ ညီလာခံများ ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment