Sunday, May 4, 2014

ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ NLD နဲ့ ၈၈ တို့ ကြိုးစားမယ်

Photo: ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ NLD နဲ့ ၈၈ တို့ ကြိုးစားမယ်
Monday, May 5, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင် ဆင်ရေးကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။မေလ ၄ရက်နေ့မှာ ဖွဲ့စည်းလိုက် တဲ့ လူထုစည်းရုံးလှုပ်ရှားမှု ဆောင်ရွက်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီး NLD အဖွဲ့က ပုဂ္ဂိုလ် ၅ ဦးနဲ့ ၈၈ ပွင့်လင်းက ၅ဦးစီပါဝင်တဲ့ ပူးပေါင်း ဗဟိုကော်မတီကို လည်း ဖွဲ့စည်းလိုက်တဲ့ အကြောင်း ၈၈ပွင့်လင်းက ကိုဂျင်မီက အခုလို ပြောပါတယ်။

“ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ လူထု စည်းရုံး လုပ်ရှားမှု ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ ဒီနေ့ကျနော်တို့ ဖွဲ့စည်းထားပါတယ်၊ အဲတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကျနော်တို့နဲ့ အဓိက လုပ်ဆောင်မယ့် အလုပ်ဟာ ၂၀၀၈ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပေါ့ အဲဒီပြင်ဆင်ရေးကို အန်တီနဲ့ တွဲပြီးတော့ ကျနော်တို့ လုပ်ဆောင်သွားမယ်။”

ဖွဲ့စည်းပုံထဲမှာပါတဲ့ ပုဒ်မ ၄၃၆ အချက်အရ လွှတ်တော် အမတ်ပေါင်း ၇၅ ရာခိုင်နှုန်းက သဘောတူ မှသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွှတ်တော်က ပြင်ဆင်ရမှာ ဖြစ်ပြီး ပြင်ဆင်ရေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးပါဝင်ရေးအတွက် ပြည်သူလူထုရဲ့ဆန္ဒတွေ လွှတ်တော်ကိုရောက်နိုင် မယ့်နည်းလမ်းတွေ ရှာဖွေပြီး ဆောင်ရွက်သွားမယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

“အဓိကတော့ ဖွဲ့စည်းပုံကို ပြင်ရမှာက လွှတ်တော်က ပြင်ရမှာဗျ၊ ဒီပြင်ဆင်ရေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးပါဝင်နိုင်ဖို့ဟာ လွှတ်တော် ကိုယ်စားလှယ် တွေကို ရွေးချယ်ပေးခဲ့တဲ့ ပြည်သူ လူထုကဏ္ဍက အရေးကြီးပါ တယ်၊ ပြီးတော့ ဒီ ၄၃၆ဟာ လူထုက ရွေးချယ် တင်မြောက် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ ကို မှေးမိန်အောင် လုပ်ထားတဲ့ လုပ်ထုံး လုပ်နည်းဖြစ်နေတာကို တွေ့ရတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် တင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ အခန်း ကဏ္ဍဟာ အရေးကြီး တဲ့နေရာကို ပြန်ရောက် လာဖို့ အတွက် လည်း ၄၃၆ ပြင်ဆင်ရေးကို လုပ်တာ ဖြစ်တဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ် အားလုံး ပါဝင်နိုင်ဖို့ရယ်၊ ပြည်သူလူထုနဲ့ အတူ ပူးပေါင်း ပါဝင်လာဖို့ နည်းလမ်းတွေ ရှာဖွေပြီးဆောင်ရွက် သွားမှာဖြစ်တယ်။”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ၈၈ပွင့်လင်း လူ့အဖွဲ့အစည်းတို့က  ရန်ကုန်မြို့မှာ မေလ ၁၇ရက်နေ့နဲ့ မန္တလေးမြို့မှာ မေလ ၁၈ရက် နေ့မှာ ပြုလုပ်ဖို့ရှိနေပြီး အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ပွင့်လင်းက ဦးမင်းကိုနိုင်တို့ ပါဝင်ဟောပြောမှာ ဖြစ်တယ်လို့လည်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

0 comments:

Post a Comment