Sunday, May 4, 2014

ဧပြီလအတွင်း ယာဉ်မတော်တဆမှုများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်နေ့လျှင်ပျမ်းမျှ ၁၇ ဦးသေဆုံး၍ ၁၀၄ ဦး ထိခိုက်ဒဏ်ရာရ

Photo: ဧပြီလအတွင်း ယာဉ်မတော်တဆမှုများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်နေ့လျှင်ပျမ်းမျှ ၁၇ ဦးသေဆုံး၍ ၁၀၄ ဦး ထိခိုက်ဒဏ်ရာရ
Monday, May 5, 2014

ဧပြီလအတွင်း ယာဉ်မတော်တဆမှုများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်နေ့လျှင်ပျမ်းမျှ ၁၇ ဦးသေဆုံး၍ ၁၀၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဧပြီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်မတော်တဆမှု ၂၉၆ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ၅၀၃ ဦး ဒဏ်ရာရရှိကာ ၅၆ ဦး သေဆုံးခဲ့သည်။        

မန္တလေးတိုင်းဒေသကြီး၌ ၂၄၈ မှုဖြင့် ၄၃၉ ဦး ဒဏ်ရာရရှိကာ ၇၉ ဦး သေဆုံး၍ ဒုတိယအများဆုံး ဖြစ်ပွားခဲ့ကာ တတိယ ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၇၉ မှုဖြင့် ၄၅၉ ဦး ဒဏ်ရာရရှိကာ ၄၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလအတွင်း ယာဉ်မတော်တဆမှု အနည်းဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်၌ ခုနစ်မှုရှိခဲ့ပြီး ၂၇ ဦး ဒဏ်ရာရရှိ၍ ရှစ်ဦးသေဆုံးခဲ့ကာ ဒုတိယယာဉ်တိုက်မှု အနည်းဆုံး ပြည်နယ်အဖြစ် ကယားပြည်နယ်အတွင်း ၁၆ မှုရှိခဲ့ပြီး၂၁ ဦး ဒဏ်ရာရရှိကာ ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ ဧပြီလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၁၆၂၅ ရှိကာ ၃၁၄၇ ဦး ဒဏ်ရာရရှိ၍ ၅၂၁ ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ယာဉ်မတော်တဆဖြစ်ပွားမှု မှတ်တမ်းတွင် ဖော်ပြထားသည်။

ဧပြီအတွင်း အဆိုးရွားဆုံး ယာဉ်တိုက်မှု ဖြစ်စဉ်တစ်ခုမှာ သင်္ကြန်အကြိုနေ့ မတိုင်မီ တစ်ရက်အလို ဧပြီ ၁၂ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ ဖြူးမြို့နယ် မိုင်တိုင်အမှတ် ၁၁၆ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြား၌ တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် တောင်တန်းပြာ မှန်လုံခရီးသည်ယာဉ်နှင့် အိမ်စီးဆလွန်းကားသေးယာဉ်တို့ တိုက်မိပြီး ကားနှစ်စီးမီးလောင်ကျွမ်းရာမှ လူ ၁၂ ဦး မီးလောင်ကျွမ်း သေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်သည်။    

အဆိုပါ အမြန်လမ်းမ၌ပင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၅၉ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၁၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၆၂၇ ဦးရှိကြောင်း၊ ၂၀၁၄ နှစ်စမှ ဧပြီလ၊ သင်္ကြန်အတွင်း ကာလအပြီးအထိ ယာဉ်မတော်တဆမှု ၁၄၇ မှုဖြစ်ပွားပြီး သေဆုံးသူ ၅၇ ဦး၊ ဒဏ်ရာရရှိသူ ၂၆၂ ဦးရှိကြောင်း သိရသည်။  ရန်ကုန်တိုင်းဒေသကြီးတွင်၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီမှ ဧပြီလထိ ယာဉ်မတော်တဆမှု ၁၀၈၉ မှုရှိပြီး ဒဏ်ရာရရှိသူ ၁၂၅၄ ဦးရှိကာ သေဆုံးသူ ၂၁၀ ဦးရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment