Tuesday, May 6, 2014

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ MPC ၌ တွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်တီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် မေ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်ဖက်သိရှိထားသည့် ငြိမ်းချမ်းရေးဆိုင်ရာ အချက်အလက်များအား အပြန်အလှန်ဆွေးနွေးခဲ့ပြီး လစဉ်တစ်လတစ်ကြိမ် MPC အလုပ်အဖွဲ့နှင့် တွေ့ဆုံရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

“သူတို့သိထားတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဲဒီအချက်တွေကို ကျွန်တော်တို့နဲ့ ဆွေးနွေးတာပါ။ ကျွန်တော်တို့သိထားတဲ့ အချက်တွေကို သူတို့ကိုပြန်ပြီးတော့ ပြောပြပါတယ်။ အဓိကကတော့ဗျာ ငြိမ်းချမ်းရေး မြန်မြန်ရချင်တာပေါ့နော်။ ဒါကြောင့်မို့ ကျွန်တော်တို့သိထားတဲ့ အချက်တွေ ဖလှယ်တာဖြစ်ပါတယ်။ အခုလည်း ဒီဆွေးနွေးပွဲကနေ စပြီးတော့ တစ်လကို တစ်ခါပေါ့ ၈၈ အဖွဲ့နဲ့
ကျွန်တော်တို့ လုပ်ငန်းကော်မတီနဲ့ ဒီမှာတွေ့ပြီးတော့ သတင်းတွေဖလှယ်ပြီးတော့ သူလည်း သူတတ်နိုင်တဲ့ အပိုင်းကနေ သူကဦးထမ်း၊ ကိုယ်ကပဲ့ထမ်း၊ ကိုယ်ကဦးထမ်း၊ သူကပဲ့ထမ်း ဒီလိုနဲ့ပဲ ဆောင်ရွက်ဖို့ဆိုပြီးတော့ ဒီလိုညှိနှိုင်းတာ ဖြစ်ပါတယ်။ ဒီနေ့တော်တော်လေး အောင်မြင်ပါတယ်။ ကျွန်တော်တို့ မသိထားတဲ့ အချက်တွေလည်း သူတို့ပြောပြလို့ သိရပါတယ်။ သူတို့မသိတဲ့ အချက်တွေလည်း ကျွန်တော်တို့ အများကြီးပြောပြနိုင်ပါတယ်။ ဒါ Information Gap ဖြစ်တာကို Information Share လုပ်တာပေါ့နော်။ ဒါငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူပြုတယ် ဆိုတာကို ပြောချင်ပါတယ်” ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

အစိုးရဘက်မှ ချမှတ်ထားသည့် ငြိမ်းချမ်းရေးဖြစ်စဉ် လျှောက်လှမ်းနေမှုများအပေါ်တွင် မထိခိုက်စေချင်သလို တိုင်းရင်းသားများ၏ လိုလားတောင့်တနေသော ဆန္ဒများကို ဖြည့်ဆည်းပေးချင်ကြောင်း၊ တိုင်းရင်းသားများ၏ ဆန္ဒပြည့်ဝမှသာလျှင် ငြိမ်းချမ်းရေးရရှိမည်ဟု ယုံကြည်ထားသည့် အတွက်ကြောင့် မိမိတို့ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် အမြင်များကို ပွင့်ပွင့်လင်းလင်း ဖလှယ်နိုင်ခဲ့သည့်အပြင် ပို၍ရှင်းလင်းသည့် ကိစ္စများကို သိရှိခဲ့ရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွ့အစည်းမှ ဦးမြအေးက ပြောကြားသည်။

“ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အစိုးရဘက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုကို မသွားဘူးလို့ တစ်လုံးမှ မပြောထားဘူး ဆိုတာကို သိရပါတယ်။ အစိုးရဘက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲတွေရောက်မှ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဒီကိစ္စတွေကို ထည့်သွင်းဆွေးနွေးသွားခြင်းကို ပိုမျှော်လင့်တယ်ဆိုတဲ့ အကျိုးအကြောင်းတွေကိုလည်း သိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း အပစ်အခတ်ရပ်စဲရေး မြန်မြန်ဆန်ဆန်လိုချင်တဲ့ ဆန္ဒရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ ဘယ်နေရာ ဘယ်အပိုင်းကဏ္ဍကနေပြီးတော့ ၀င်ကူညီ ဆောင်ရွက်ရမယ် ဆိုတာကိုလည်း တရားဝင်လာပြီး ကမ်းလှမ်းခြင်းဖြစ်တယ်။ ၀င်ရောက်ဆွေးနွေးခြင်းလည်း ဖြစ်ပါတယ်” ဟု ဦးမြအေးက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment