Tuesday, November 4, 2014

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘာသာရေး အဆောက်အအုံများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ပိုင် ဧရိယာ ပရိဝုဏ်များအတွင်း မဲဆွယ်စည်းရုံးခွင့် ပြုမည်

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘာသာရေး အဆောက်အအုံများ၌ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့် ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ နိုဝင်ဘာ ၃ ရက်တွင် ပြောကြားသည်။

အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းများက ဘာသာရေး အဆောက်အအုံများ၌ မဲဆွယ်စည်းရုံးခွင့် တင်ပြလာပါက စိစစ်ပြီးနောက် ခွင့်ပြုပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။“ဘာသာရေး အဆောက်အအုံမှာ မဲဆွယ်စည်းရုံးတိုင်း ဘာသာရေးကို ခုတုံး လုပ်တယ်လို့ ပြောလို့မရပါဘူး၊ ဥပမာ- ချင်းပြည်နယ်လို နေရာမျိုး မဲဆွယ်စည်းရုံးဖို့ နေရာမရှိရင် ချက်ကျောင်းကို အသုံးပြုချင်တယ်လို့ တောင်းဆိုလာရင် ခွင့်ပြုပေးရမှာပဲလေ” ဟု ၎င်းကဆိုသည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲများတွင် ဘာသာရေး အဆောက်အအုံများအတွင်း မဲဆွယ်စည်းရုံး ဟောပြောခွင့်ပြုရန်အတွက် တောင်းဆိုခဲ့သော်လည်း ကော်မရှင်က ခွင့်ပြုခြင်း မရှိကြောင်း၊ ယခုကဲ့သို့ ခွင့်ပြုမည် ဆိုပါက ငွေကြေးအခက်အခဲ ရှိသော ပါတီငယ်များ ဟောပြောခွင့်နေရာ အဆင်ပြေစေနိုင်ကြောင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောကြားသည်။

“ဘာသာရေး အဆောက်အအုံထဲမှာ ဘုန်းကြီးတွေ ပါဝင်ပြီး ဟောပြောတာမှ မဟုတ်တာ၊ ဟောပြောဖို့ နေရာမရှိတဲ့ ပြည်နယ်လို နေရာတွေမှာ ဒီလိုမျိုး ခွင့်ပြုပေးဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ကာလအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ပိုင် ဧရိယာ ပရိဝုဏ်များအတွင်း မဲဆွယ်စည်းရုံးခွင့် ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ပြောကြားထားသည်။

သို့သော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘာသာရေး ခုတုံးလုပ် ဟောပြော စည်းရုံးမှုများကို တားမြစ်မည်မဟုတ်ဘဲ ရွေးကောက်ပွဲပြီးမှသာ ကန့်ကွက်လွှာများအရ အရေးယူမည်ဖြစ်ကြောင်း အောက်တိုဘာ တတိယပတ်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေတွင် အစိုးရပိုင် အဆောက်အအုံများ၊ ကျောင်းများ၊ သာသနာ့ အဆောက်အအုံများအတွင်း မဲဆွယ်စည်းရုံးခွင့် မပြုကြောင်း ပြဋ္ဌာန်းထားသည်။ ထို့အပြင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ပုဒ်မ ၄၀၇ (ဃ) တွင် နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။

The Voice Weekly

0 comments:

Post a Comment