Tuesday, September 15, 2015

လူကောင်းနှင့် လူတော် နေရာချနည်း

လူကောင်းနှင့် လူတော်ကို နေရာချတတ်ရန် မြန်မာတို့ ကြိုးစားကြသည်မှာ ကြာပြီ။ ငြင်းကြခုံကြနှင့် ကြုံရာကျရာလူ အာဏာရှိသူက သူသဘောပေါက်သလို သူ့လိုဘပြည့်အောင် နေရာချသွားကြသည်။ သူတို့ တစ်ကိုယ်ရေတစ်ကာယ ရည်မှန်းချက်ပေါက်မြောက်သွား၊ မသွားမသိသော်လည်း တိုင်းပြည်မှာမူ ယနေ့ထက်တိုင် မအောင်မြင်နိုင်သေး။ ယခုလည်း သမိုင်းဝင် ကြုံတောင့်ကြုံခဲ မြန်မာနိုင်ငံကို ပြောင်းလဲပစ်မည့် ရွေးကောက်ပွဲကြီးသာ နီးလာသည် လူကောင်းနှင့် လူတော်ကို နေရာမချတတ်သေး။


ကျွန်တော်တို့ မြန်မာများသည် လူကောင်းကို လူတော်ရှေ့ထားရမလား၊ လူတော်ကို လူကောင်းရှေ့ထားရမလား ဟူသည်ကို မဆန်းစစ်တတ်ကြသေး။ လူကောင်းလူတော်ဟု လည်းကောင်း၊ လူတော်လူကောင်းဟု လည်းကောင်း သန်ရာသန်ရာ ငြင်းခုန်ကြသည်။ စင်စစ် ထိုသို့ရှေ့နောက်ခွဲရန် စဉ်းစားနေခြင်းသည်ပင် အလွဲကြီးလွဲနေကြခြင်း။

အမှန်တွင် နိုင်ငံတည်ဆောက်ရေးအတွက် လူကောင်းလည်း လိုသည်၊ လူတော်လည်း လိုသည်။ လူကောင်းလည်း နည်းသည်၊ လူတော်လည်း နည်းသည်။ လူတော်နှင့် လူကောင်းကို မတူညီသော လူနှစ်ယောက်သဖွယ် ခွဲခြားထားခြင်းသည် မူမမှန်။မြန်မာနိုင်ငံတွင်းတွင် လူကောင်းရှားသလား၊ လူတော်ရှားသလားဟု မေးလျှင် လူကောင်းကို အကဲခတ်ရ ခက်သဖြင့် အသေအချာ မပြောနိုင်သော်လည်း နိုင်ငံ့ပညာရေး အဆင့်အတန်း၊ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများနှင့် အစိုးရယန္တရား၏ စွမ်းဆောင်ရည် ညံ့သဖြင့် လူတော်ရှားသည်ဟုသာ ပြောရမည်ဖြစ်သည်။ သို့မဟုတ် လူတော်များ နေရာမရကြ။ “မြန်မာတို့သည် ယဉ်ကျေးသိမ်မွေ့ကြသည်၊ ရိုးသားကြသည်” ဟူသော ကိုယ့်ကိုယ်ကိုယ် ကပ်ထားသည့် တံဆိပ်ဖြင့် ကြည့်လျှင်မူ “လူကောင်း” များမည်ဟု ယူဆရသည်။

လူကောင်းများပြီး လူတော်ရှားမှတော့ လူတော်ကိုသာ ရွေးရမည့်အပေါက် မြင်ရပြီ။

လူကောင်းအကြောင်း စဉ်းစားကြည့်ရအောင်။ လူကောင်းတို့သည်လည်း ပုထုဇဉ်လူသား ဖြစ်သည့်အတွက် မနာလိုစိတ်၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်သောစိတ်များ ရှိသည်။ လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ ကိုယ်တိုင်မတော်သော လူမတော်သည် လူတော်တို့ကို ကြောက်စမြဲ။ ကိုယ့်နေရာပျောက်မည်ကို စိုးရိမ်သည်။ “လူကောင်းလူမတော်” သည် ကိုယ့်စိတ်ကိုယ် မလုံခြုံသဖြင့် လူတော်များကို အခြားအကြောင်းပြပြီး ဖယ်ထုတ်လေ့ရှိသည်။ ကိုယ်တိုင်မတော်သူသည် မည်သူတော်သည်ကိုလည်း အကဲမခတ်နိုင်သဖြင့် တော်သူကို ညံ့သည်ထင်ပြီး ညံ့သူကို တော်သည်ဟု ထင်တတ်သည်။ လူတော်မှာမူ ကိုယ်တိုင်က တော်သဖြင့် လူတော်တို့ကို သိပ်မကြောက်။ လူတော်ရှိရာ လူတော်စုသည်။ မြွေမြွေချင်း ခြေမြင်ဆိုသကဲ့သို့ လူတော်ကို လူတော်ချင်းသာ မြင်သဖြင့် လူတော်များကို ရှာဖွေခေါ်ယူနိုင်သည်။

“မတော်သူကို သင်ပေးလျှင်တော်သည်” ဆိုသည်မှာ အတော်ပြောရခက်သော အတွေးအခေါ်ဖြစ်သည်။ ဟုတ်သလားဆိုတော့ ဟုတ်သည်၊ သို့သော် ထင်သလောက်တော့ မဟုတ်။ သင်ပေးလျှင် နဂိုရှိသည်ထက် တော်လာနိုင်သည်။ သို့သော် “နဂို” ရှိမှ “နဂိုင်း” ထွက်သည် ဆိုသကဲ့သို့ ရပ်ကွက်အဆင့် ဘောလုံးသမားသည် သင်ပေးလျှင် မြို့နယ်အဆင့်၊ အလွန်ကြိုးစားလျှင် ပြည်နယ်တိုင်းအဆင့်၊ ကံကောင်းလျှင် လက်ရွေးစင်အဆင့် ရောက်မည်၊ အရှေ့တောင်အာရှ အဆင့်သို့ကား ရောက်မည်မဟုတ်။ အင်္ဂလန် ပရီးမီးယားလိဂ်တွင် ကန်နိုင်လောက်သည့် အဆင့်ရောက်ဖို့ကား အိပ်မက်ပင် မမက်နိုင်။ သင်တိုင်းသာတော်လျှင် ဝေလကစားသမား Gareth Bales ကို ကမ္ဘာ့ထိပ်တန်း ရီးရဲလ်မက်ဒရစ်အသင်းက ယူရိုသန်း ၁၀၀ ပေးပြီး ဝယ်မည်မဟုတ်။ ဘာစီလိုနာ၊ မန်ချက်စတာယူနိုက်တက် အသင်းတို့တွင် လူငယ်များစွာကို မွေးထားပြီး စိတ်တိုင်းကျ သင်ပေးလေ့ကျင့်ပေးသည်။ သို့သော် မက်ဆီ၊ ဘက်ခမ်တို့သည် ဆယ်နှစ်ဆယ့်ငါးနှစ်ကြာမှ ထိုကလပ်လေ့ကျင့်ရေးများက ထွက်ပေါ်လာကြသူများ ဖြစ်သည်။ ဘရာဇီးတွင် လူငယ်သိန်းချီ ဘောလုံးရူးကြသော်လည်း နေမာတစ်ယောက်၊ ပီလီတစ်ယောက် ထွက်ဖို့မလွယ်။ ကမ္ဘာကျော် တက္ကသိုလ်ကြီးများသည် သင်ကြားပို့ချမှု ကောင်းလှသော်လည်း စတီဖင်ဟော့ကင်းကဲ့သို့ သိပ္ပံပညာရှင်၊ John Maynard Keynes ကဲ့သို့ စီးပွားရေးပညာရှင်များသည် တစ်ခေတ်မှ တစ်ယောက်လောက်၊ နှစ်ငါးဆယ်တစ်ရာမှ တစ်ယောက်လောက်သာ ပေါ်တတ်သည်။

လွန်စွာရိုးသားပြီး မည်သူ့ကိုမျှ မဟုတ်တာ မလုပ်သော သို့သော် စိတ်တိုလွယ်သော ဉာဏ်နည်းသော ဝါ “လူကောင်းလူမတော်” တစ်ဦး ဆိုပါစို့။ သူထင်းခွဲနေစဉ် ဖခင်ခေါင်းပေါ်တွင် ယင်နားနေသည်ကို စိတ်ထွက်ပြီး ယင်ကောင်ကို ပုဆိန်နှင့် ပေါက်လိုက်ရာ ဖခင်သေသွားသည်။ ထိုဥပမာသည် အစွန်းရောက်လွန်းသည်၊ မဖြစ်နိုင်ဟု ယူဆလျှင် ဖခင် အပြင်းအထန် ရိုးရိုးနေမကောင်းသည်ကို ငွေကြေးတတ်နိုင်လျက်သားနှင့် စုန်းကဝေကြောင့်ဟု ယူဆပြီး ပယောဂဆရာနှင့် ကုသောကြောင့် ဖခင် မသေသင့်ဘဲ အသက်ဆုံးရသည့် “သားလူကောင်း လူမတော်” များကိုမူ ရင်းနှီးသိကျွမ်းကြပေလိမ့်မည်။ မြန်မာပြည်သည် “လူကောင်းလူမတော်” တို့၏ ကယ်တင်ခြင်းကို ခံခဲ့ရပြီးပြီ။ လူကောင်းလူမတော်များသည် မြန်မာပြည်ကယ်တင်ရေးကို အသာထားပြီး ကိုယ့်ကိုယ်ကိုယ် အရင်ကယ်တင်သွားကြသည်။

လူသည် တော်ဖို့ထက် ကောင်းဖို့က အရေးကြီးသည်ဟူသော အယူအဆကို ခေတ်စားလာအောင် ဖော်ထုတ်သည်မှာ ဘုန်းမီးနေလတောက်ပခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ “လူသည်တော်ပြီး မကောင်းလျှင် လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ်ကြီးသည်၊ ထို့ကြောင့် ကောင်းဖို့က တော်ဖို့ထက် အရေးကြီးသည်” ဟု သူက သီအိုရီဆွဲသည်။ “လူကောင်း” သည် “သစ္စာရှိသောသူ” ဟု သူက အဓိပ္ပာယ်ဖွင့်သည်။ ထိုသီအိုရီကြောင့် သူ့အနားမှ တော်သူများ ဖယ်ခွာသွားကြသည် သို့မဟုတ် တော်သူများကို ကန်ထုတ်ရာတွင် သူ့သီအိုရီကို သုံးသည်။ လူကောင်းများဟု သူဆွဲတင်သူတို့သည် သူ့ကို သစ္စာရှိသောသူများ ဖြစ်နေတတ်သည်။ သစ္စာရှိမည့်သူ ဦးစားပေးခြင်းကို နားလည်နိုင်သော်လည်း ထိုသူများသည် လူတော်များ မဟုတ်ခြင်းကို နားလည်ရခက်သည်။ ထို့ကြောင့် တကယ်အကျပ်အတည်း ဆိုက်သည့်အခါ သစ္စာရှိများ ဝါ လူကောင်းများ ဝါ လူကောင်းလူမတော်များကို အားမကိုးရသဖြင့် ဗုန်းဗုန်းလဲရသည်။

ထူးဆန်းသည်မှာ ထိုပုဂ္ဂိုလ်ကြီးကို ဝေဖန်ဆန့်ကျင် မုန်းတီးသူများ၊ သူ့ရန်သူတော်များသည် သူ၏ အခြားလုပ်ရပ်များကိုသာ မုန်းတီးလျှင် မုန်းတီးမည်။ သူ၏ လူကောင်းလူတော် သီအိုရီကိုမူ အသည်းထဲစွဲအောင် မှတ်ထားကြပုံပေါ်သည်။ သူတို့၏ လက်ရာများတွင် ထိုပုဂ္ဂိုလ်ကြီး၏ လူကောင်းလူတော် သီအိုရီကို မြင်နေရသည်။ ပုဂ္ဂိုလ်ကြီး၏ သြဇာလွှမ်းမိုးနိုင်စွမ်းကား အံ့သြလောက်ဖွယ်ပင်။ ပုဂ္ဂိုလ်ကြီး၏ ရန်သူတော်များသာ မဟုတ် သာမန်ပြည်သူ အများအပြားသည်ပင် “လူကောင်းလူတော်” သီအိုရီကို ဘုရားဟောသဖွယ် ရိုးရိုးသားသား ကိုးကွယ်နေကြသည်။

မစဉ်းစားတတ်သော လူကောင်းသည် နိုင်ငံအတွက် အန္တရာယ်ကြီးလှသည်။ တော်ဖို့မလို၊ ကောင်းဖို့သာလိုသည် ဟူသော သီအိုရီသည် Fallacy ခေါ် “လိုရာဆွဲဆင်ခြေ” သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူတော်နည်းပြီး နိုင်ငံမဖွံ့ဖြိုးသည်မှာ လူတို့ အသွေးထဲ အသားထဲ ထိုဆင်ခြေ ရောက်နေသောကြောင့် ဖြစ်သည်။

ယနေ့ ထိပ်တန်းရောက်နေသော နိုင်ငံများသည် စဉ်းစားတတ်သော လူတော်များ “အား” ဖြင့် တက်လာကြခြင်း ဖြစ်သည်။ လူတော်များကို နေရာချချိန်တန်ပြီ။

ဇေယျသူ
The Voice Weekly

0 comments:

Post a Comment