Wednesday, September 23, 2015

" ခိုတောင်ကျွန်း လူသတ်မှု နောက်ဆုံးရုံးချိန်းတွင် ထိုင်းရဲများ၏ အားနည်းချက်ကို အဓိက ပစ်မှတ်ထား လျှောက်လဲနေ "

ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ ယနေ့ (စက်တင်ဘာ ၂၃ ရက်)၌ နောက်ဆုံး ရုံးချိန်း စစ်ဆေးမှုတွင် တရားခံ ရှေ့နေများက ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု၌ ထင်သာမြင်သာ အားနည်းချက်များ ရှိနေခြင်းကို အဓိက ဦးတည်လျှောက်လဲနေကြောင်း သိရှိရသည်။ဗြိတိန်နိုင်ငံသားများ ဖြစ်ကြသည့် ဟန်နာဝီသာရစ်ဂ်ျနှင့် ဒေးဗစ်မီလာတို့ အသတ်ခံရမှုအတွက် သံသယ တရားခံများအဖြစ် မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးကို စွဲချက်တင်ထားရာ တရားခံ ရှေ့နေများက မိမိတို့၏ အမှုသည်များသည် ရည်ရွယ်ချက်ရှိရှိ အမှုဆင်ခံရခြင်းဖြစ်ကြောင်း ပေါ်လွင်အောင် ကြိုးစား လျှောက်လဲခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားထုအပေါ် ထိုင်းရဲများ၏ အကြီးအကျယ် ဖိနှိပ်ဆက်ဆံမှုများကိုလည်း တရားခွင်တွင် အရေးပါသည့် အကြောင်းအရာ တစ်ရပ်အဖြစ် ရှေ့နေများက ထည့်သွင်း ပြောဆိုခဲ့ကြောင်း သိရသည်။ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့သည် ဗြိတိန်နှစ်ဦးကို သတ်ဖြတ်သူများအဖြစ် ရဲတပ်ဖွဲ့က အခိုင်အမာ စွပ်စွဲနေသော်လည်း မှုခင်းရေးရာ စစ်ဆေးမှုများအရ ကွဲလွဲချက်များ ရှိနေသည်ကို တရားခံ ရှေ့နေများက မီးမောင်းထိုးပြခဲ့သည်။

သေမှုသေခင်း စစ်ချက်များအရ အသက် ၂၃ နှစ်ရှိ အမျိုးသမီး ဝစ်သာရစ်ဂ်ျသည် မုဒိမ်းကျင့်ကြံ သတ်ဖြတ်ခံရခြင်းဟု ဖော်ထုတ် တွေ့ရှိရသည်။ တရားခံ ရှေ့နေများကမူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့သည် အဆိုပါ အမှုတွင် တရားခံအဖြစ် အတင်းအဓမ္မ ပုံသွင်း အသုံးချ ခံနေရခြင်းဟု တုံ့ပြန်ခဲ့သည်။ ယမန်နှစ်က ခိုတောင်ကျွန်းရှိ ကမ်းခြေသောင်ပြင်တွင် ဗြိတိန်နှစ်ဦး၏ သတ်ဖြတ်ခံထားရသော အလောင်းများကို တွေ့ရှိရပြီးနောက် ဗြိတိန်မီဒီယာများက ယင်းအမှုကို အသေးစိတ် ဖော်ပြမှုများကြောင့် ကမ္ဘာသိ မှုခင်းတစ်ခု ဖြစ်လာသည်။

နောက်ဆုံးရုံးချိန်း ကြားနာမှုကို ခိုတောင်ကျွန်း အနီးရှိ ခိုဆမ်မွိုင်တွင် ပြုလုပ်ခဲ့ပြီး တရားခံ ရှေ့နေများက သက်သေ အထောက်အထားအဖြစ် တင်ပြသည့် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ဆန်းစစ်မည့် ဗြိတိန်နိုင်ငံသား ပညာရှင် တစ်ဦးကိုလည်း အကူအညီ တောင်းခံထားကြောင်း သိရသည်။ အဆိုပါ ရုံးချိန်းကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်သည်။

ရဲတပ်ဖွဲ့ကမူ ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု ရလဒ်များနှင့် ပတ်သက်၍ အမှားမရှိဟု အခိုင်အမာ ရပ်တည်နေပြီး ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာ ကိုယ်တိုင်ကလည်း ကမ္ဘာကျော် မှုခင်းကြီး တစ်ရပ်တွင် မည်သူကမျှ လီဆယ်ဖန်တီး စွပ်စွဲမှုမျိုး ပြုလုပ်ရဲမည် မဟုတ်ကြောင်း ကာကွယ်ပြောဆိုထားသည်။

ပြီးခဲ့သည့် ရုံးချိန်းတွင် စစ်ဆေးမှုအရ လူသတ်လက်နက်အဖြစ် အသုံးပြုသည့် ပေါက်ချွန်းတွင် တွေ့ရှိရသော DNA နမူနာများသည် လက်ရှိ စွပ်စွဲခံထားရသည့် မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦး၏ DNAနှင့် ကိုက်ညီမှု မရှိကြောင်း ဖော်ထုတ် အတည်ပြုနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။


_Ref: Reuters
7Day News Journal

0 comments:

Post a Comment