Wednesday, September 30, 2015

ဘတ်စကက်ဘော ကောင်မလေး


တရုတ်နိုင်ငံရှိ ငယ်ရွယ်သော အမျိုးသမီးတစ်ဦးသည် ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသော်လည်း အနာဂတ်ကို ကိုယ်တိုင် တည်ဆောက် ခဲ့သော ကြောင့် မသန်စွမ်းများအတွက် စံနမူနာယူစရာ ဖြစ်လာခဲ့သည်။ဆိုးရွားလှသည့် မတော်တဆ ဖြစ်စဉ်ကြောင့် ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းက ဘ၀ကို အရှုံးမပေး တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ အတွင်းရှိ ထောင်ပေါင်း များစွာသော မသန်စွမ်းများအတွက် စိတ်ဓာတ် ခွန်အားများ ဖြစ်စေခဲ့သည်။ ယူနန်ဒေသတွင် နေထိုင်သော Quan Hongyan ၏ အကြောင်းကို ၂၀၀၅ တုန်းက မီဒီယာများတွင် အကျယ်တ၀င့် ဖော်ပြခဲ့ကြသည်။ ထိုစဉ်က Quan Hongyan ကို ဘတ်စကက်ဘော ကောင်မလေးအဖြစ် ခေါ်ဆို ရေးသားခဲ့ခြင်း ဖြစ်သည်။ ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ပြီး ငွေကြေး တတ်နိုင်ခြင်း မရှိသောကြောင့် ဘတ်စကက်ဘောကို ထက်ခြမ်းခွဲကာ သွားလာနိုင်ဖို့ ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။ ယနေ့ အချိန်မှာတော့ ဘတ်စကက်ဘော ကောင်မလေးသည် ရေကူးချန်ပီယံတစ်ဦး အဖြစ်ရောက်ရှိ နေပြီဖြစ်သည်။ ၂၀၀၉တွင် တရုတ်နိုင်ငံ မသန်စွမ်း အားကစား ပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ယင်းနောက် ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် ကျင်းပခဲ့သည် ယူနန်ဒေသ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရာ မီတာ ( ၁၀၀) ရေကူး၌ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

Quan Hongyan ၏ ဘ၀သည် စိတ်ဝင်စားစရာ ဖြစ်သည်။ အသက် လေးနှစ်အရွယ်တွင် မတော်တဆမှု ဖြစ်စဉ်တစ်ခုနှင့် ကြုံတွေ့ခဲ့ ပြီး အသက်ဆုံးရှုံးရမည့် အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်။ သို့သော် ခြေထောက် နှစ်ဖက်စလုံး ဖြတ်လိုက်ရပြီး အသက်ရှင်သန်ခွင့် ရခဲ့သည်။ မိသားစုက ဆင်းရဲသောကြောင့် ခြေထောက်နှစ်ဖက် မရှိသော သမီးငယ် အတွက် အခက်အခဲ များစွာ ကြုံတွေ့ ခဲ့ရသည်။ သွားလာနိုင်ဖို့ အထောက်အကူပြု ပစ္စည်းတွေဖြစ်တဲ့ ချိုင်းထောက်၊ ၀ှီးချဲ စသည်များကို ၀ယ်ယူနိုင်ခြင်း မရှိသောကြောင့် အဘိုးဖြစ်သူက ဘတ်စကက်ဘောကို ထက်ခြမ်းခွဲပြီး အသုံးပြုခဲ့သဖြင့် အဆင်ပြေသွားခဲ့သည်။

ဘတ်စကတ်ဘောကို အမှီပြု သွားလာနေရသည့် မြင်ကွင်းသည် အားလုံးကို ၀မ်းနည်းစေခဲ့သည်။ ယင်မြင်ကွင်းကို တရုတ်မီဒီယာများတွင် ဖော်ပြသောအခါ အကူအညီပေး လိုသူများ ပေါ်ပေါက်လာ ခဲ့သည်။ ခြေထောက်နှစ်ဖက် မရှိသည့် ကောင်မလေးတစ်ဦး ဘတ်စကက်ဘော ထဲကိုဝင်ပြီး သွားလာနိုင်ဖို့ ကြိုးစားရုန်းကန် နေရသည့် ဘ၀မှ ကယ်တင်နိုင်ရေး အားလုံး ၀ိုင်းကြိုးစားခဲ့သည်။

Quan Hongyan သည် ဘတ်စကက်ဘောထဲ ၀င်ပြီးသွားလာနိုင်ဖို့ လက်နှစ်ဖက်ကို အားပြုရသည်။

ယင်းသို့ပြုလုပ်ရာတွင် လက်နှစ်ဖက်တွင် သစ်သားပြားနှစ်ခုကို ကိုင်ထားရသည်။ သွားလာနိုင်ဖို့ ပြုလုပ် ရခြင်း ဖြစ်သော်လည်း Quan Hongyan အတွက် အလွန်ပင်ပန်းခဲ့သည်။ အသက်အရွယ်နှင့် မမျှအောင် ဒုက္ခတွေကို ရင်ဆိုင်ရခြင်း ဖြစ်သည်။ သို့သော် Quan Hongyan သည် မည်သည့်အခါမှ စိတ်ဓာတ်ကျခြင်း မရှိ။ ယင်းပုံစံဖြင့် (၄)နှစ်ခန့် နေထိုင်ပြီးနောက် မီဒီယာများ၏ ဂရုပြုခြင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။ တရုတ်မီဒီယာ များသည် Quan Hongyan ၏ အကြောင်းကို သနားစရာအဖြစ် ရေးသားဖော်ပြခဲ့ရာ အားလုံး၏ ကရုဏာသက်ခြင်း ခံခဲ့ရသည်။

အကျိုးဆက်က တရုတ်နိုင်ငံ တစ်ဝန်း Quan Hongyan ကို ကူညီလိုသူ အများအပြား ရှိခဲ့သည်။ ယခင်က တရုတ်နိုင်ငံတွင် မသန်စွမ်းသူများကို အရေးလုပ်ခဲ့ခြင်း မရှိ။ မသန်စွမ်းများကို ကယ်တင်ရန်၊ စောင့်ရှောက်ရန် စသည့် အကြောင်းများကိုလည်း ဆွေးနွေးဖူးခြင်း မရှိ။ သို့သော် Quan Hongyan ဖြစ်ရပ် ပေါ်ပေါက်လာပြီးနောက် အလှည့်အပြောင်း တွေဖြစ်လာခဲ့သည်။ မသန်စွမ်းများ အပေါ် စောင့်ရှောက်ရန် လိုအပ်ကြောင်း သိရှိလာခဲ့သည်။

Quan Hongyan သည် တရုတ်နိုင်ငံရှိ မသန်စွမ်းများအတွက် အားကျစရာ သူရဲကောင်း ဖြစ်လာခဲ့သည်။ အသက် (၁၀)နှစ် အရွယ်တွင် ကူညီလှူဒါန်းမူများကြောင့် ရွှေမြို့တော် ပေကျင်းကို ပထမဆုံးအကြိမ် သွားရောက်ပြီး ခြေထောက်တု တပ်ဆင်နိုင်ဖို့ ပြုလုပ်ခွင့် ရခဲ့သည်။ ပေကျင်းကို ရောက်ဖို့ Quan Hongyan သည်မိုင်ပေါင်း (၁၆၀၀) ကျော် ခရီးနှင်ခဲ့ရသည်။ Quan Hongyan အတွက် ကြီးကျယ်သည့် စွန့်စားခန်း တစ်ခုဖြစ်ခဲ့သည်။ လှူဒါန်းမှုများကြောင့် Quan Hongyan သည် မူလတန်း ပညာရေးကို ပြီးဆုံးအောင် သင်ယူနိုင်ခဲ့သည်။

အသက် (၁၁) နှစ်ကျော် သွားပြီးနောက် ပညာဆက်လက် သင်ယူရာတွင် ငွေကြေးမပြည့်စုံမူကြောင့် အခက်တွေ့ခဲ့ရသည်။ ယင်းနောက် Quan Hongyan သည် ခိုင်မာသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ Quan Hongyan သည် မွေးရပ်မြေသို့ ပြန်ခဲ့ပြီး ဒေသတွင်း ဖွင့်လှစ်ထားသည့် ရေကူးကလပ် အသင်းသို့ ၀င်ရောက်ခဲ့သည်။ မသန်စွမ်း တစ်ဦးအတွက် ရေကူးပညာ သင်ယူရခြင်းသည် ခက်ခဲလွန်းလှသည်။ သို့သော် ရေကူးပညာကို အရသင်ယူခဲ့သည်။ Quan Hongyan က ရေထဲတွင် ပေါ်လာအောင် ပြုလုပ်ရန် ခက်ခဲလွန်းကြောင်း၊ မိမိအနေဖြင့် သီးခြင်း၊ မွန်းကျပ်ခြင်းတို့ ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

Quan Hongyan အတွက် ရေကူးကစားနည်းသည် နှလုံးသားနှင့် ကစားရသည့် ကစားနည်းဖြစ်ခဲ့သည်။ ရေကူးတတ် ပြီးနောက် အောင်မြင်သည့် ရေကူးသမား ဖြစ်လာရန် ဆန္ဒရှိလာသည်။ ယင်းကြောင့် လေ့ကျင့်မူများ အပြင်းအထန် လုပ်ခဲ့သည်။ Quan Hongyan သည် တရုတ်နိုင်ငံ ကိုယ်စားပြု ပြီး ၂၀၁၂ လန်ဒန်အိုလံပစ်၏ မသန်စွမ်း အားကစားပြိုင်ပွဲကို ၀င်ရောက်ခွင့်ရရန် ရည်မှန်းထားခဲ့သည်။ ၂၀၀၉ တွင် တရုတ်နိုင်ငံလုံး ဆိုင်ရာ မသန်စွမ်း ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)၊ ငွေတံဆိပ် ( ၁) ခုရရှိခဲ့ သည်။ ၂၀၁၀ တွင်လည်း ငွေတံဆိပ် (၃) ခုရရှိခဲ့သည်။ ၂၀၁၁တွင် လန်ဒန်အိုလံပစ် အတွက် လူရွေးပွဲ ကျင်းပခါနီးတွင် အဘိုးဖြစ်သူ သေဆုံးခဲ့ သောကြောင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ထိခိုက်ခဲ့သည်။ လူရွေးပွဲတွင် တတိယနေရာ ရခဲ့သော်လည်း နောက်ဆုံးအဆင့်သို့ ၀င်ရောက်ခွင့် ရရန် လုံလောက်ခြင်း မရှိ။ ထို့ကြောင့် Quan Hongyan ၏ လန်ဒန်အိုလံပစ် ၀င်ခွင့်ရရေး မျှော်လင့်ချက် ပျက်သွားခဲ့သည်။ ယင်းနောက် Quan Hongyan သည် နေအိမ် သို့ပြန်ခဲ့သည်။ Quan Hongyan သည် နေအိမ်တွင် သူရဲကောင်း တစ်ဦးဖြစ်သည်။ ညီမဖြစ်သူနှင့် မောင်ဖြစ်သူတို့က Quan Hongyan ကို သူရဲကောင်းတစ်ဦးလို သဘောထား ကြသည်။ Quan Hongyan သည် အစောပိုင်းတွင် ရေကူးပြိုင်ပွဲများ ၀င်ရောက်ခဲ့ခြင်း မရှိသော်လည်း နောက်ပိုင်းတွင် စိတ်ဓာတ် ပြောင်းကာ အကောင်းဆုံး ကစားခဲ့ခြင်းကြောင့် ၂၀၁၄တွင် ပြုလုပ်ခဲ့သည့် ရေကူးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်ဘ၀ ကတည်းက အခက်အခဲမျိုးစုံ တွေ့ခဲ့ရသော်လည်း စိတ်ဓာတ်ကျ နေခြင်း၊ တွေဝေနေခြင်း မရှိသည့် တရုတ်နိုင်ငံ၏ ဘတ်စကက်ဘော ကောင်မလေးသည် ယနေ့အချိန်တွင် ဘ၀တူ မသန်စွမ်းများ အတွက် လေးစားအားကျ စရာအဖြစ် သတ်မှတ်ခံထား ရပြီဖြစ်သည်။

Messenger News Journal

0 comments:

Post a Comment