Sunday, September 27, 2015

ဟီလာရီ ကလင်တန်အား ရီပတ်ဘလီကန်များ ကြံဖန်အပြစ်ရှာ


ဟီလာရီ ကလင်တန်အား ရီပတ်ဘလီကန် ပါတီမှ သမ္မတ ကိုယ်စားလှယ်လောင်းများက တစ်နည်းမဟုတ် တစ်နည်းကြံဖန် အပြစ်ရှာ နေဦးမည်ဖြစ်ကြောင်း သမ္မတဟောင်း ဘီလ်ကလင်တန်က တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောဆိုခဲ့သည်။ဒီမိုကရက်တစ် ပါတီ၏ သမ္မတ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဟီလာရီ ကလင်တန်က ဧပြီတွင် ထုတ်ပြန် ပြောဆိုခဲ့သည်။ သို့သော် ဟီလာရီ ကလင်တန်သည် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင် ချိန်တွင် ဌာနမှ ပေးထားသော အီးမေးလ်ကို မသုံးဘဲ ကိုယ်ပိုင်အီးမေးလ်နှင့် နယူးယောက်ရှိ ၎င်း၏အိမ်တွင်ထားရှိသော ဆာဗာတို့ကို အသုံးပြုခဲ့သည့် အတွက် ရီပတ်ဘလီကန် များ၏ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်မှုများနှင့် ကြုံတွေ့နေရသည်။

““ဒီလိုပဲ ဖြစ်မှာပဲလေ၊ သမိုင်းတစ်ကြော့ပြန် တယ်ဆိုတာ ဒါပေါ့””ဟု ၎င်းခင်ပွန်း ဘီလ်ကလင်တန်က ပြောဆိုခဲ့သည်။ ဘီလ်ကလင်တန်သည် အမေရိကန်သမ္မတ အဖြစ် ၁၉၉၂ မှ ၂၀၀၀ ခုနှစ်အထိ တာဝန် ထမ်းဆောင် ခဲ့သည်။

““အခြားပါတီမှာက သူနဲ့ယှဉ်နိုင်သူ မရှိဘူးလေ၊ ဒါကြောင့် သူ့ကို နာမည်ဖျက်ဖို့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြိုးစား နေတာပေါ့””ဟု ၎င်းက ပြောဆိုခဲ့သည်။ ဟီလာရီ ကလင်တန်က အီးမေးလ်ကိစ္စနှင့် ပတ်သက်၍ တောင်းပန်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ချိန်အတွင်း ပေးပို့ခဲ့သည့် အီးမေးလ်များကိုလည်း စုံစမ်းစစ်ဆေး သူများလက်ထဲသို့ လွှဲအပ်ခဲ့ပြီး ဖြစ်သည်။

ဝေဖန်မှုများ ရှိနေသော်လည်း ဟီလာရီသည် မတွန့်ဆုတ်သွားဘဲ အောင်ပွဲ ဆင်နိုင်ရန် ဆက်လက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း ခင်ပွန်းဖြစ်သူက ပြောဆိုခဲ့သည်။

Source:Reuters
Messenger News Journal

0 comments:

Post a Comment