Sunday, September 27, 2015

အမြော်အမြင်ရှိသည့် ခေါင်းဆောင်မှုသည် NLD ပါတီ တစ်ခုတည်းတွင်သာ ရှိဟုဆို

မြန်မာနိုင်ငံရေး အပြောင်းအလဲတွင် အမြော်အမြင်ရှိသည့် အားကောင်းသော ခေါင်းဆောင်မှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တစ်ခုတည်းတွင်သာ ရှိကြောင်း အဆိုပါ ပါတီက ထုတ်ပြန်ကြေညာသည်။စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်သော NLD ပါတီ၏ ၂၇ နှစ်ပြည့် အထိမ်းအမှတ် ကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်းထားခြင်း ဖြစ်သည်။

အမြော်အမြင်ရှိသည့် အားကောင်းသော ခေါင်းဆောင်မှု၊ တောင့်တင်းခိုင်မာသော လူထုထောက်ခံမှု၊ ပြည်သူလူထုနှင့် တစ်သားတည်းကျသော ဒီမိုကရေစီမူဝါဒ လမ်းစဉ် စသည့် အရည်အချင်းတို့နှင့် ထပ်တူကျသည့် နိုင်ငံရေးပါတီသည် NLD ပါတီ တစ်ပါတီတည်းသာ ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ NLD ပါတီသည် အထွေထွေရွေးကောက်ပွဲမှ တစ်ဆင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေး အလှည့်အပြောင်းကို အမှန်တကယ် ပြောင်းလဲနိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲကို NLD အပြတ်အသတ်နိုင်ရမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြပါရှိသည်။

NLD ပါတီသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၅ နေရာတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

ထို့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်တွင် ၃၁၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၆၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၆၂၀ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၉ ဦး စုစုပေါင်း ၁၁၃၀ ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အလားတူ NLD ပါတီ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ထွန်းလာရေး၊ ပြည်သူလူထုကို တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးဟူသော ရည်မှန်းချက်များကို ဖော်ပြထားသည်။

The Voice Weekly

0 comments:

Post a Comment