Thursday, September 24, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အကြောင်း မဘသအဖွဲ့က ဖြန့်ဝေမည်


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က မန္တလေးခရိုင် အတွင်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများ အားလုံးနှင့် တွေ့ဆုံမေးမြန်းကာ အဆိုပါ မေးမြန်းချက်များကို စီဒီနှင့် လက်ကမ်းစာစောင်များ အများပြည်သူထံသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း မဘသအဖွဲ့ဝင် ဆရာတော် ဦးဝီရသူ (မစိုးရိမ်) က မိန့်ကြားသည်။
ပြည်သူများ အလွယ်တကူ ရွေးချယ်နိုင်ရေးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မူဝါဒများ ပြည်သူကို ချပြနိုင်ရေးအတွက် ရည်ရွယ်ကာ ယင်းသို့ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက မိန့်ကြားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးရာဇဝင်၊ နိုင်ငံရေးအယူအဆ၊ လုပ်ဆောင်ချက်များ၊ ရည်မှန်းချက်များနှင့် ပတ်သက်၍ မဘသအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်များကို လိုက်လံမေးမြန်းနေကြောင်း ဆရာတော်ဝီရသူ (မစိုးရိမ်) က မိန့်ကြားသည်။
မန္တလေးခရိုင်အတွင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၈ ဦး ဝင်ပြိုင်မည်ဖြစ်ရာ စက်တင်ဘာ ၂၄ ရက်အနေ့အထိ ကိုယ်စားလှယ်ပေါင်း ၂၀ ဦးကျော်ကို မေးမြန်းပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်ကြားသည်။
“မေးမြန်းဖို့ ပါတီကြီးတွေ ကျန်သေးတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အထက်အမိန့် စောင့်နေတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စာတင်ပါဆိုလို့ စာတင်ဖို့ အစီအစဉ်ရှိတယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။
ကိုယ်စားလှယ်လောင်း၏ ကိုယ်ရေးရာဇဝင်၊ လုပ်ဆောင်ချက် စသည့် အချက်များအပြင် မဘသအဖွဲ့နှင့် ပတ်သက်သည့် သဘောထားနှင့် ခံယူချက်ကိုလည်း မေးမြန်းကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က ပြောကြားသည်။
မဘသအဖွဲ့ မေးမြန်းသည့် အချက်များတွင် မဘသအဖွဲ့အပေါ် သဘောထားမှတ်ချက် မေးခွန်းအပြင် ဗုဒ္ဓဘာသာကို ဘယ်လိုသဘောထားလဲ၊ ဘယ်လိုမြှောက်စားမှာလဲ စသည့် အချက်များမှာ ဘာသာရေးအရ ခွဲခြားခြင်းဖြစ်ပြီး အဆိုပါမေးခွန်းမှာ အခြေခံဥပဒေနှင့် ညီညွှတ်မှု မရှိကြောင်း၊ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်းက ပြောကြားသည်။
ဘာသာရေးကို အခြေပြု၍ ဖွဲ့စည်းထားသော မဘသအနေနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မေးမြန်းနေသည့်အပေါ် ရွေးကောက်ပွဲကော်မရှင်က မည်သို့ကိုင်တွယ်မည်ကို စောင့်ကြည့်ရမည့်အပြင် မဘသအဖွဲ့ ဆောင်ရွက်ချက်မှာ ရွေးကောက်ပွဲအတွက် မည်သို့အကျိုးသက်ရောက်မှု ရှိသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့မှ Executive Director ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။
မျိုးစောင့်ဥပဒေကို မထောက်ခံသော နိုင်ငံရေးပါတီများကို မဲမပေးရန် ရေးသားထားသော လက်ကမ်းစာစောင်များကို ကြံ့ခိုင်ရေးပါတီဝင်များက လိုက်လံဝေငှမှုများ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တိုင်ကြားခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်သော မဲဆွယ်စည်းရုံရေး ဟောပြောပွဲတွင်လည်း ဘာသာရေးနှင့် သွေးထိုးစည်းရုံးခြင်းမှာ အောက်တန်းကျသော နိုင်ငံရေးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေး ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment