Tuesday, September 29, 2015

သစ်သူခိုးနှင့် သူခိုးအားပေးများကို ခြေရာခံခြင်း

မြန်မာတို့၏ ခေတ်အဆက်ဆက် ‘သစ်’ တွက်နည်းက ‘တန်’ ကို အခြေခံသည်။ ကျွန်းသစ်တစ်တန်၊ ပိတောက်တစ်တန် စသည်ဖြင့်။ မြန်မာ-တရုတ် နယ်စပ်တွင်မူ သစ်ကို တန်နှင့်မတွက်။

“သစ်တစ်တန် ဘယ်လောက်လဲ မဟုတ်ပါဘူး။ တောင်တစ်လုံး ဘယ်လောက်လဲပါ” ဟူသည့် လက်သုံးစကားက မြန်မာ-တရုတ်နယ်စပ် သစ်ကုန်သည်များ ပြောဆိုကြသည့် လက်သုံးစကား ဖြစ်သည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်း စစ်ဆေးရေးအဖွဲ့(EIA) ၏ Campaigns Director Mr. Julian Newman က ဆိုသည်။
အကြောင်းက….. သစ်ကို တစ်တန်ချင်း မတွက်ဘဲ တစ်တောင်လုံးခုတ်သည့် သဘောကို ညွှန်းဆိုခြင်းဖြစ်သည်။

ယင်းစကားသည် မြန်မာ့သစ်တောများ၏ တန်ဖိုးချည့်နဲ့မှုကို ဖော်နေသည်။ မြန်မာ့ သယံဇာတကို လွယ်လွယ်နှင့်ရကြောင်း ညွှန်းဆိုနေသည်။ ထိုထက်ပို၍ ဆိုရလျှင် မြန်မာ-တရုတ် နယ်စပ်တွင် သစ်မှောင်ခို မည်မျှကြီးမားကြောင်း သက်သေထူလိုက်ခြင်းပင် ဖြစ်သည်။


၂၅ နှစ်ကြာ သက်တမ်းရှိ၍ အကျိုးစီးပွားနှင့် ယှဉ်သော သစ်မှောင်ခိုလုပ်ငန်း များတွင် မည်သူတွေ ပါဝင်နေကြသနည်း။ မည်သည့်လမ်းကြောင်းက ခိုးထုတ်နေ ကြသနည်း။ တစ်နှစ်လျှင် သစ်တန်ချိန် မည်မျှ ထုတ်ယူနေကြသနည်း။ စသည့် မေးခွန်းများအတွက် ဗြိတိန် အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အဖွဲ့ EIA ကွင်းဆင်း အစီရင်ခံစာက စိတ်ဝင်စားဖွယ် အတိ။
ပေါက်ဖော်တို့ရဲ့ လမ်းကြောင်းEIA အစီရင်ခံစာကို စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်သည်။ အစီရင်ခံစာအရ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ နူကျန်၊ ဘောင်ရှန်နှင့် ဒီဟောင်မြို့နယ် စီရင်စုများ၊ ကူမင်းနှင့် ကွမ်ကျိုးဒေသများသည် သစ်ထုတ်လုပ်မှု ဗဟိုချက်များဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။ ယူနန်ပြည်နယ်သည် ကုန်းတွင်းပိတ် ဒေသဖြစ်ပြီး မြန်မာဘက်က ဆန်နှင့် စိုက်ပျိုးရေးထွက် ကုန်ကြမ်းအမျိုးမျိုး တင်ပို့ရာဒေသလည်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့သည် တရုတ်တို့ သစ်ခိုးခုတ်ရာ ဘူမိနက်သန် ဒေသများ။

လွန်ခဲ့သော ၂၀၀၆ ခုနှစ်ကတည်းက မြစ်ဆုံ ရေအားလျှပ်စီမံကိန်း ရေဝေရေလဲ ဧရိယာများရှိ ကျွန်းသစ်များကို စတင် ခုတ်ယူခဲ့ကြသည်ဟု မြစ်ကြီးနားမြို့နယ် မလိယန်ကျေးရွာမှ ကိုတူးဂျာက The Voice သို့ ပြောပြသည်။

ယခုအချိန်တွင်မူ ကချင်ပြည်နယ်၌ တောင်ကတုံးများပင် ဖြစ်နေသည်။ အချို့ သစ်တောများမှာ ရှိပင်မရှိတော့ဟု မြစ်ကြီးနား ဒေသခံ ကိုအောင်မြတ်ကလည်း ဆိုသည်။
နူကျန်နှင့် ဘောင်ရှန် (၂၀၁၂ အတွင်းစုံစမ်းခြင်း)

၂၀၁၂ ခုနှစ် ဧပြီတွင် EIA တာဝန်ရှိသူများသည် ယူနန်ပြည်နယ် နူကျန်နှင့် ဘောင်ရှန်စီရင်စုသို့ ဝင်ရောက်လာသော သစ်လမ်းကြောင်းများ အပြင် မြန်မာ့သစ် ကုန်ကြမ်းများကို မှီခိုနေရသည့် ကူမင်းနှင့် ကွမ်ကျိုးရှိ သစ်ထုတ်လုပ်ရေး ကုမ္ပဏီများကိုလည်း ခြေရာခံနိုင်ခဲ့သည်။

နူကျန်နှင့် ဘောင်ရှန်စီရင်စုသည် ကျော်ကြားလှသော တရုတ်နိုင်ငံ ပိုးလမ်းမကြီး၏ တောင်ဘက်တွင်ရှိပြီး အိန္ဒိယသို့ ဆက်သွယ်ရန်အတွက် အရေးပါသော ဒေသများဖြစ်သည်။ မြန်မာတို့ အကျွမ်းတဝင်ရှိသည့် ယူနန်ပြည်နယ်အနောက် မြောက်ဘက်တွင် ရှိသည်။ အများစုက စိုက်ပျိုးရေး လုပ်ကိုင်ကြသည်။
ယူနန်ပြည်နယ်ရှိ နူကျန်မြို့တွင် မြန်မာ့ တရားမဝင် သစ်လုံးကုန်ကြမ်းများစွာ စုပုံထားပြီး သစ်အများစုကို ရွန်ဒေါင်ကုမ္ပဏီက ပိုင်ဆိုင်သည်။ ၎င်းတို့သည် ကချင်ပြည်နယ်တွင် ရေအားလျှပ်စစ် စီမံကိန်းကို အကြောင်းပြ၍ သစ်ခုတ်နေခဲ့ကြခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ သစ်ခုတ်ခအဖြစ် တစ်ရက် ယွမ် ၁၀၀၀ ရရှိကြောင်း သစ်ခုတ်အဖွဲ့ဝင်တစ်ဦးက EIA အရာရှိများကို ပြန်လည်ပြောပြခဲ့သည်။
ဒိန်ဟောင် တွေ့ရှိချက် (၂၀၁၅ ခုနှစ်)

ယူနန်ပြည်နယ်ရှိ ဒိန်ဟောင်စီရင်စုသည် မူဆယ်လမ်းကြောင်းကို အားပြု၍ လှုပ်ရှားသော မှောင်ခိုဈေးကွက် ဖြစ်သည်။ ရွှေလီမြောက်ဘက်တွင် တည်ရှိသည်။ ၂၀၁၅ ခုနှစ်အတွင်း EIA တာဝန်ရှိသူများက သစ်ဝယ်သူ ဟန်ဆောင်၍ စုံစမ်းခဲ့ရာ ရှမ်းပြည်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ကျွန်းသစ်နှင့် တမလန်းသစ်များသည် ဒိန်ဟောင်သို့ ဝင်ရောက်လျှက် ရှိကြောင်း တွေ့ရှိခဲ့ရသည်။

ကချင်ပြည်နယ်၌ ကျွန်းသစ်များ ပြောင်သွားချိန်တွင် တမလန်းသည် တရုတ်အတွက် နောက်ထပ်ပစ်မှတ် ဖြစ်လာသည်။ တမလန်းက စစ်ကိုင်းတိုင်းဒေသကြီးတွင် အဓိက ပေါက်သည်။ သူက ရှားပါးစာရင်းဝင်ရန် တာစူနေသည့် သစ်။

“ဗမာစကားတောင် မပြောတတ်တဲ့ တရုတ်တွေ ကိုယ်တိုင်ကားမောင်းပြီး ကလေး၊ ကလေးဝ၊ မုံရွာ၊ ယာကြီးလမ်းက ဖြတ်တယ်။ ဟုမ္မလင်းတစ်လျှောက် ချင်းတွင်းမြစ်ကြောင်းကနေ ဖြတ်တယ်” ဟု အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ တာဝန်ခံ ကိုကျော်သက်ဝင်းက သစ်ခိုးထုတ်ရာ လမ်းကြောင်းများ ကို The Voice သို့ ပြောပြသည်။
နောင်တောင် ခရီးစဉ် (၂၀၁၅ ခုနှစ်)


နောင်တောင်သည် မူဆယ်မြို့၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ မြန်မာ့မြေပုံတွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အကြား အတွင်းသို့ ချိုင့်ဝင်နေသော နေရာလေး ဖြစ်သည်။ အများစုက စိုက်ပျိုးရေး လုပ်ကိုင်ကြသည်။ သစ်ပွဲစားများလည်း တွေ့ရသည်။

ယင်းဒေသ၌ လက်နက်ကိုင်အချို့က မြစ်ချောင်းများဖြတ်၍ တံတားဆောက်ကာ အခွန်ကောက်လေ့ရှိသည်။ တိုက်ပွဲများ ဖြစ်ချိန်တွင် တံတားများကို ဖျက်ဆီးကြသည်။ ထို့နောက် ပြန်ဆောက်ကြပြန်သည်ဟု မူဆယ်-ကျယ်ခေါင် ကုန်ကားဂိတ်ပိုင်ရှင် တစ်ဦးက The Voice သို့ပြောသည်။

နောင်တောင်သည် မြန်မာ့သစ်များ အတွက် ခေတ္တသိုလှောင်ရာ။ တစ်နည်းအားဖြင့် သစ်ကုန်သည်များက ဝယ်သူစောင့်ရင်း စုပုံထားသည့် နေရာ ဖြစ်သည်။ သစ်မျိးစုံပါဝင်ပြီး အဓိကမှာ ကျွန်း၊ တမလန်းနှင့် ပိတောက်တို့ ဖြစ်သည်။ ဘန်လင်းမှ နောင်တောင်အထိ သစ်တင်ပို့သည့် လမ်းကြောင်း ၁၀ ခုထက် မနည်း ရှိပြီး အားလုံးသည် KIA ထိန်းချုပ်နယ်မြေ ဖြစ်သည်ဟု EIA အစီရင်ခံစာက ဆိုသည်။

နောင်တောင်ရှိ သစ်တင်သွင်းသည့် အကြီးဆုံးကုမ္ပဏီများတွင် ပါဝင်သော ‘ရိဖူ’ ကုမ္ပဏီ ကိုယ်စားလှယ်၏ ပြောကြားချက်အရ စုပုံထားသောသစ်များမှာ ၂၀၁၃ ခုနှစ်အတွင်းက တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ နောင်တောင်နှင့်ရွှေလီရှိ သစ်ကုန်သည်များသည် အမေရိကန်ဒေါ်လာ သန်းချီတန်သော သစ်ပုံများကို လှောင်ထားပြီး ဈေးတက်မည့်အချိန်ကို စောင့်နေကြသည်ဟု ပြောကြားကြောင်း EIA အစီရင်ခံစာက ဆိုသည်။

၂၀၁၃ ခုနှစ်ကမူ တမလန်းနှင့် ပိတောက် တို့ကို တရုတ်ပရိဘောဂ ဈေးကွက်တွင် လူကြိုက်များခဲ့ပြီး ဖူကျန်၊ ကွမ်ဒေါင်နှင် ဇီကျန်တို့မှ သစ်စက်ရုံများသည် ကုန်ကြမ်းအတွက် နောင်တောင်သို့ ရောက်ရှိခဲ့ကြသည်။
ရွှေလီ ပုံပြင် (၂၀၁၅ ခုနှစ်)

ရွှေလီမြို့ကို ၂၀၁၅ ခုနှစ်အတွင်း လေ့လာရာတွင် သစ်လုံးထားရာ ကွင်းပြင်ကျယ်ကြီးနှင့် သစ်အချောထည် စက်ရုံများ ပျံ့နှံ့တည်ရှိနေပြီး မြန်မာ့သစ်နှင့် အခြား အဖိုးတန် မြန်မာ့ထွက်ကုန် ကျောက်စိမ်းဖြင့် ချမ်းသာနေသော မြို့ဖြစ်ကြောင်း EIA တာဝန်ရှိသူများ တွေ့ခဲ့ရသည်။
ရွှေလီသည် မြန်မာများနှင့် မစိမ်းလှ။ မြန်မာ့သစ်များ စုပုံထားရာ နောင်တောင်မှ ကားဖြင့် သွားပါက တစ်နာရီခန့်သာ ဝေးသောနေရာ ဖြစ်သည်။ လွတ်လပ်သော ကုန်သွယ်ရေးဇုန်လည်း ရှိသည်။ မြန်မာ့ဆန် အဓိက တင်ပို့ရာ ဒေသလည်း ဖြစ်သည်။

လုံးပတ်ကြီးသော တမလန်းနှင့် ပိတောက်သစ်များကို ရွှေလီတွင်သာ ရနိုင်ပြီး နောင်တောင်၌ မရှိဟု အဝယ်တော်များက ဆိုသည်။ ရွှေလီ၏ ကီလိုမီတာ ငါးဆယ်ခန့်ဝေးသော နယ်စပ်မျဉ်း တစ်လျောက်တွင် နယ်စပ်ဖြတ်ရန် လမ်းကြောင်း အများအပြား ရှိနေသည်။

ရွှေလီ၊ ကျယ်ခေါင်တွင် အခြေစိုက်သည့် သစ်တင်သွင်းသည့် ‘ကျင်းပင်’ ကုမ္ပဏီသည် ယူနန်ပြည်နယ် တစ်ခုလုံးတွင် အကြီးဆုံးအနက် တစ်ခုဖြစ်သည်။ ယင်းကုမ္ပဏီမှ အလုပ်ကြပ်တစ်ဦးက ပြောကြားရာတွင် ၎င်းတို့ထံ ရောက်လာသော သစ်များ၏ ၉၈ ရာခိုင်နှုန်းသည် မန္တလေးတစ်ဝိုက်၊ မုံရွာ၊ အင်ကြီးနှင့် ကချင်ပြည်နယ် တောင်ပိုင်းမှ သစ်များ ဖြစ်သည်ဟု ဆိုသည်။
သူခိုးအားပေးများ

နောင်တောင်နှင့်ရွှေလီထံ ဦးတည်သော မြန်မာဘက်ရှိ နယ်စပ်ဖြတ်ကျော်နေရာ များကို မတူညီသော အုပ်စုများက ထိန်းချုပ်ထားသည်။ နောင်တောင်သို့ တင်ပို့သည့် ဘာပါ-ဘန်လင်း နယ်စပ်ဖြတ်ကျော်မှုကို ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အေ) က ထိန်းချုပ်ထားပြီး မူဆယ်-ကျယ်ခေါင် နေရာသည် မြန်မာအစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်။

ဘာပါ နယ်စပ်ဖြတ်ကျော်မှုတွင် အရေးပါသော လူလေးဦးဂိုဏ်း ရှိသည်။ ယင်းတို့မှာ ဒေသအခေါ် ဘရန်နု၊ တန်ပေါင်ဂွန်း၊ လီမော်ရန်နှင့် အလီကျဲ (လီကျင်းလီဟု လူသိများ) တို့ဖြစ်ပြီး ၎င်းတို့ကို ဘီဒီဝိုင်အေဂိုဏ်း သို့မဟုတ် တာဇူး သို့မဟုတ် အုပ်စုကြီး ခေါ်ကြသည်။ ၎င်းတို့သည် ကေအိုင်အို၊ မြန်မာအစိုးရနှင့် စစ်တပ်၊ တရုတ်ဒေသတွင်း အရာရှိများနှင့် ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် သစ်တင်သွင်းလျက် ရှိသည်။

EIA ၏ အဆိုအရ လေးဦးဂိုဏ်းဝင် အသက်လေးဆယ်အရွယ် အမျိုးသမီး လီကျင်းလီသည် ၂၀၀၀ ပြည့်နှစ်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်ဆွေနှင့် နီးစပ်၍ ကချင်ပြည်နယ်တွင် သစ်ခုတ်ခွင့်ရခဲ့သည်။

ထို့ပြင် ကေအိုင်အိုရှိ အရေးပါသူ အကြီးတန်းအရာရှိတစ်ဦးနှင့် နီးစပ်မှုကြောင့် ကေအိုင်အေဌာနချုပ် ရုံးစိုက်ရာ လိုင်ဇာတွင် အခွန်ကောက်ခွင့်နှင့် ဟိုတယ်ဖွင့်ခွင့် ရခဲ့ပြီး သူမသည် လေးဦးဂိုဏ်း၌ အဆိုးဆုံးဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

လေးဦးဂိုဏ်းဝင် အဓိကကျသူ နောက်တစ်ဦးမှာ နိုင်ငံဖြတ်ကျော် သစ်ခုတ်မှုတွင် ဆယ်စုနှစ်တစ်စုစာ ကျင်လည်နေသူ ‘လီမော်ရန်’ ဖြစ်သည်။ လီမော်ရန်၏ ‘ရောင်မော်’ ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် စတုတ္ထအကြီးဆုံး သစ်တင်သွင်းသူ ဖြစ်လာသည်။

လီသည် ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်ရှိ နိုင်ငံရေးအုပ်စုများကို သစ်ခုတ်ရာသီ တစ်ခုတည်းအတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်း ပေးချေခဲ့ကြောင်း၊ ထိုစဉ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း (ယခု ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်) နှင့် အမေရိကန်ဒေါ်လာ ၈၈,၀၀၀ ခန့် သဘောတူညီမှု ယူကာ ကချင်ပြည်နယ် ဗန်းမော် ခရိုင်တွင် သစ်ခုတ်သော အုပ်စုများအား ကြီးကြပ်သည့်နေရာ ရခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအချက်အလက်နှင့် ပတ်သက်၍ တပ်မတော်က စက်တင်ဘာ ၂၄ ရက်နေ့ အထိ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါ။


သစ်သူခိုးအချို့ကိုမူ ဖမ်းမိလိုက်သည်။ သို့သော် ရက်ပိုင်းအကြာ ပြန်လွှတ်ပေးလိုက်သည်။ သမ္မတဦးသိန်းစိန်က ဇူလိုင်လ ၃၀ ရက်နေ့တွင် ပေးခဲ့သော လွတ်ငြိမ်းချမ်းသာ ခွင့်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသည့် သစ်ခိုးခုတ် တရုတ်နိုင်ငံသား ၁၅၅ ဦးပါဝင်ခြင်းမှာ အဝေဖန်ခံရဆုံး ဖြစ်သည်။ တစ်သက်တစ်ကျွန်း ကျခံနေရသည့် တရုတ်နိုင်ငံသား များမှာ ထောင်ဒဏ်ရှစ်ရက်သာ ခံစားခဲ့ရပြီး ယင်းသည် မြန်မာ့သမိုင်းတွင် အကြီးမားဆုံးသော လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်သည် ဟုလည်း ရှေ့နေ အသိုင်းအဝန်းက ဆိုသည်။

တရုတ် သစ်ခိုးထုတ်သူများကို မြန်မာ့ တပ်မတော် တပ်ရင်းလေးရင်းက ကချင်ပြည်နယ် ဆဒုံးမြို့နယ်ခွဲတွင် ဝင်ဖမ်းခဲ့ရခြင်း ဖြစ်သည်။ ဖမ်းဆီးစဉ်က ကား ၄၀၀ နှင့် လူ ၁၅၀ ကျော်ကို ဖမ်းမိခဲ့သည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး နောက် တရုတ်သံရုံးက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ ပြုလုပ်ခဲ့ပြီး တရုတ် ကွန်မြူနစ်အစိုးရ အာဘော် သတင်းစာဖြစ်သည့် Global Times သတင်းစာကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တရုတ် သစ်ခိုးခုတ်သူများကို ပြန်လည်လွှတ်ပေးခဲ့သည်။ သို့သော် သူခိုးအားပေးများ ကိုမူ အရေးယူခဲ့သည်ကို မတွေ့ရ။
အားလုံးကုန်မှ ပြန်စမှာလား


သစ်အလုံးလိုက် ပြည်ပတင်ပို့မှုကို တရားဝင် ရပ်တန့်ခဲ့သည့် ၂၀၁၄ ခုနှစ်၏ သစ်လုံးတင်ပို့မှုက ပုံမှန်ထက် သုံးဆမြင့်ခဲ့သည်။ ခိုးထုတ်သော သစ်များမှာ တရုတ်တွင် အခွန်ဆောင်ပြီးသည်နှင့် တရားဝင်သစ် အဖြစ်သို့ ရောက်ရှိသည်။

အကျိုးဆက်မှာ မြန်မာနိုင်ငံသည် အာရှတိုက်တွင် သစ်တောပြုန်းတီးမှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်လာခြင်းဖြစ်သည်။ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ၁၉၉၀ က ၅၇ ရာခိုင်နှုန်းကျော် ရှိခဲ့ရာမှ ယခုအခါ ၄၄ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။

“ရှမ်းပြည်မြောက်ပိုင်းက သက်တမ်းရင့် ကျွန်းသစ်တွေကို တရုတ်တွေသာမက တစ်ကမ္ဘာလုံးလူတွေ လိုချင်နေတာ” ဟု EIA အဖွဲ့မှ Senior Forest Campaigner Mr.Jago Wadley က ဆိုသည်။

တရုတ်ကဲ့သို့ပင် ဥရောပကလည်း မြန်မာ့သစ်ကို ဝယ်ချင်သည်။ သို့သော် ဥရောပသို့ တင်ပို့ရန်အတွက်မူ စံချိန်စံညွှန်းများ ရှိနေသည်။ တရားဝင် သစ်ထုတ်လုပ်မှု၊ စီမံအုပ်ချုပ်မှုနှင့် ရောင်းဝယ် ဖောက်ကားမှုအား မြှင့်တင်ဆောင်ရွက်ရေး (FLEGT) ခွင့်ပြုချက် ရရှိမှသာ မြန်မာ့သစ်ကို ဥရောပသို့ တင်ပို့နိုင်မည်ဟု စိမ်းလန်အမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးဝင်းမျိုးသူ က ပြောသည်။

မြန်မာတို့က ပို့ချင်သော်လည်း ဥရောပကစံက ခြားထားသည်။
နှစ်ငါးဆယ်ကျော် အတွင်း မြန်မာ့မှောင်ခိုသည် နိုင်ငံစီးပွားရေး (GDP) ၏ ထက်ဝက်ကျော် (၅၅.၁ ရာခိုင်နှုန်း) ရှိကြောင်း ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် အမေရိကန် ဝါရှင်တန်အခြေစိုက် သုတေသနနှင့် ပညာရှင်အဖွဲ့ GFI စစ်တမ်းက ဆိုသည်။ ယင်းမှာ ကျောက်မျက်နှင့် သစ်မှောင်ခိုစာရင်း မပါသေး။

မှောင်ခိုများနှင့် အခွန်စည်းကြပ်မှု အားနည်းချက်ကြောင့် နှစ်ပေါင်းငါးဆယ် အတွင်း အခွန်ဆုံးရှုံးမှုက ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံမှ ၃ ဒသမ ၆ ဘီလီယံ အတွင်းရှိပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် အတွင်း အခွန်ဆုံးရှုံးမှုက ယင်းပမာဏ၏ သုံးပုံတစ်ပုံနီးပါး ရှိသည်။

သစ်မှောင်ခို အပါအဝင် မှောင်ခိုမည်မျှ တွင်ကျယ်၍ အခွန်ငွေမည်မျှ ဆုံးရှုံးနေသည်ကို အထက်ပါ စာရင်းများက ဖော်ပြလျက်ရှိသည်။ သို့သော် မတူသည်က သစ်မှောင်ခိုကြောင့် သစ်တောများ ဆက်လက်ပြုန်းတီး နေမည်ဆိုလျှင် ...။

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ လူဦးရေသိန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သော မိုးကြီးရေလျှံမှုများ အဘယ့်ကြောင့် ဖြစ်ပွားသည်ကို သိပါသလား။

သစ်များမထိန်းနိုင်ရုံမက ယခုတော့ တောဖြတ်ပင် ရောင်းနေလိုက်သေးသည်။

ဗြိတိန်နိုင်ငံအခြေစိုက် သဘာဝ ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) မှ Campaigns Director Mr. Julian Newman ၏ မှတ်ချက်အရ မြန်မာက သစ်ရောင်းနေခြင်း မဟုတ်။
“မြန်မာက သစ်ရောင်းနေတာ မဟုတ်ဘူး။ ဓားပြတိုက်ခံနေရတာ”

တရုတ်နိုင်ငံ အစိုးရသို့ အကြံပြုချက်

(၁) မြန်မာနိုင်ငံ၏ သစ်အလုံးလိုက် တင်ပို့မှု ပိတ်ပင်ခြင်းကို အထောက်အကူ ပြုသည့် စည်းကမ်းချက်များ ထုတ်ရန်။
(၂) တရားမဝင် သစ်တင်သွင်းမှုအတွက် လွယ်ကူရှင်းလင်းသော တရားဝင် တားမြစ်မှုပြုရန်။
(၃) ရှားပါးသစ်များဖြင့် ပြုလုပ်သည့် ပရိဘောဂ လုပ်ငန်းဆိုင်ရာ မူဝါဒကို ပြောင်းလဲရန်။
(၄) နယ်စပ်ကုန်သွယ်မှုတွင် ဘီဒီဝိုင်အေဂိုဏ်း ကဲ့သို့ အရှိန်အဝါကြီး၊ အဆက်အသွယ် ကောင်းသည့် ကြားပွဲစားများကို စုံစမ်းစစ်ဆေးရန်။

မြန်မာအစိုးရသို့ အကြံပြုချက်

(၁) ပြည်ပပို့သစ်ဈေးကွက် (အထူးသဖြင့် တရုတ်သစ်ဈေးကွက်) အတွက် သစ်တောနှင့် ဆက်စပ်သည့် ဥပဒေများကို ရှင်းလင်းလွယ်ကူစွာ ပြဋ္ဌာန်းရန်။
(၂) နိုင်ငံတွင်း သစ်တော အခြေအနေများကို အပြည့်အဝ မစစ်ဆေးနိုင်မီ နိုင်ငံတစ်ဝန်း သစ်ခုတ်မှုများကို လျှော့ချရန်။
(၃) သယံဇာတရှိသည့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ် ချမှတ်ရန်။
(၄) သစ်တောနှင့် ပတ်သက်သော ဥပဒေများ၊ ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ဥရောပသမဂ္ဂနှင့် ပြုလုပ်ရာတွင် တိုင်းရင်းသားဒေသများမှ ကိုယ်စားလှယ်များအပါအဝင် ဘက်ပေါင်းစုံမှ ပါဝင်ရေး ကြိုးပမ်းရန်။
(၅) မြန်မာ့သစ်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူ အားလုံးအတွက် ပွင့်လင်းမြင်သာသော အချက်အလက်ရရေး ဆောင်ရွက်ရန်။
(၆) တမလန်းနှင့် ပိတောက်တို့ကို ကုလသမဂ္ဂ ရှားပါးမျိုးစိတ်၊ နိုင်ငံတကာ ကုန်သွယ်မှု သဘောတူညီချက် နောက်ဆက်တွဲ အပိုင်း ၃ တွင် ထည့်ရန်။

ဥမ္မာလွင်

thevoicemyanmar.com

0 comments:

Post a Comment