Friday, September 25, 2015

မွေးနေ့ပွဲမှကျွေးသည့် ခေါက်ဆွဲကြော်စားမိ၍ မှော်ဘီတွင် ၆၄ ဦး အစာအဆိပ်သင့်

မှော်ဘီမြို့နယ် ၀ါးနက် ချောင်းကျေးရွာအုပ်စုတွင် မွေးနေ့ပွဲမှကျွေးသည့် ခေါက်ဆွဲကြော်စားမိရာမှ ကျေးရွာရှိ ကလေး၊ လူကြီး ၆၄ ဦးခန့် အစာအဆိပ်သင့်ခဲ့၍ ဆေးရုံများတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိ သည်။ဝါးနက်ချောင်းကျေးရွာအုပ် စု အရှေ့ပိုင်း (၂) ရပ်ကွက်တွင် နေထိုင်သူ အသက် (၃၅) နှစ်အရွယ်ရှိ အမျိုးသား၏ မွေးနေ့အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၅ ရက် နံနက်က ရပ်ကွက်အတွင်းရှိ အိမ်များသို့ ခေါက်ဆွဲ ကြော်ဝေငှခဲ့ရာ စားသုံးမိသူအချို့ အော့အန်ခြင်း၊ မူးမော်ခြင်း၊ ၀မ်း သွားခြင်းများ ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းက ပြောသည်။

‘‘နမူနာကိုတော့ ဓာတုဗေဒ ရုံးကို ပို့ထားတယ်။ ခေါက်ဆွဲက လည်း သက်တမ်းလွန်နေတယ်လို့ ပြောတယ်။ ဓာတ်ခွဲစစ်ဆေးပြီးမှ ပဲ အဖြေသိရမှာ။ အခုထိတော့ ဆေးရုံသွားတဲ့လူတွေ မရှိတော့ ဘူး’’ဟု အုပ်ချုပ်ရေးမှူး ဦးမြင့် သိန်းက စက်တင်ဘာ ၂၅ ရက် ည ၇ နာရီခွဲက ဖြေကြားသည်။

ခေါက်ဆွဲကြော်စားမိရာမှ အစာအဆိပ်သင့်ခဲ့၍ ရန်ကင်းကလေးဆေးရုံသို့ ၁၀ ဦး၊ အင်းစိန်ကလေးဆေးရုံသို့ ခြောက်ဦး၊ မှော်ဘီဆေးရုံသို့ ၂၇ ဦးနှင့် ၀ါးနက်ချောင်း တိုက်နယ်ဆေးရုံတို့တွင် အသီးသီး ဆေးကုသမှုခံယူနေရ ကြောင်း စုံစမ်းသိရသည်။ အဆိုပါခေါက်ဆွဲကို မွေးနေ့ပွဲမတိုင်မီရက် က ပြုတ်ထားပြီး နောက်နေ့နံနက် ၂ နာရီတွင် ကြော်၍ဝေငှခဲ့ခြင်း ဖြစ်ကာ နံနက် ၈ နာရီခန့်မှစတင်၍ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်အနီးတွင် နေထိုင်သည့် အသက် (၂၃) နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

‘‘ညနေ ၃ နာရီလောက်မှာ အယောက် ၂၀ ကျော် ရောက်လာ တယ်။ ပြန်ပြီးဆင်းသွားတာတွေ လည်း ရှိတယ်။ ခေါက်ဆွဲက မှို ကြောင့် ဖြစ်တယ်လို့လည်း ယူဆ ရတယ်’’ဟု မှော်ဘီဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၃ ရက်က ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းမှ ဝေငှသည့် ခေါက်ဆွဲစားမိရာမှ လူ ၃၂ ဦး အော့အန်၊ ၀မ်းလျှောခြင်းများဖြစ်ပွား၍ လူခြောက်ဦး ဆေးရုံတက်ကာ ဆေးကုသမှုခံယူခဲ့ရသည်။


7Day Daily

0 comments:

Post a Comment