Wednesday, September 23, 2015

အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)အမှုဆောင်ဆရာတော်၊ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူနှင့် မေးမြန်းခြင်း


မေး - မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီဆိုတော့ မြန်မာနိုင်ငံမှာ အမျိုး၊ဘာသာ၊သာသနာအတွက် စိတ်ချရပြီလို့ ဆိုနိုင်ပါ သလား ဘုရား။
ဖြေ - အတွင်းတံတိုင်းအတွက်ကတော့ လေးထပ်ထိအောင် ကာရံပြီးပါပြီ။ ဒါပေမဲ့ အသိညာဏ် မြှင့်တင်ရေးဆိုင်ရာနဲ့ အသိတရား ထွန်းကားဖို့တော့လိုတာပေါ့။ ဒါတွေအတွက်လည်း ဆောင်ရွက်ရဦးမှာ ပေါ့။ ၅ဝ ရာခိုင်နှုန်းအထိတော့ လုံခြုံသွားပါပြီ။ အန္တရာယ်အတွက်တော့ ကာကွယ်ပြီးပြီပေါ့။ အသိညာဏ် ပညာမြင့်မားဖို့အတွက်တော့ ရာခိုင်နှုန်း ၅ဝ နီးနီး ကြိုးစားရဦးမယ့်သဘောပေါ့။
မေး - NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးမှာ မဘသအဖွဲ့တွေက လက်ကမ်းစာစောင်တွေလိုက်ဝေ ပြီး နှောင့်ယှက်နေတယ်လို့ ပါတီနာယကကြီးဖြစ်တဲ့ ဦးတင်ဦးကိုယ်တိုင်က ပြောနေတယ်။ ဒီအပေါ်မှာရော ဘာများပြောချင်ပါသေးလဲ။
ဖြေ - ဒါက ဒကာကြီး ဦးတင်ဦးအနေနဲ့ အထင်လွဲတာပါ။ မဘသအဖွဲ့က အဲဒီလိုအောက်တန်းကျတဲ့ အလုပ်မျိုး မလုပ်ပါဘူး။ မဘသမှာလည်း မူဝါဒရှိပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကို အားပေးတဲ့ မည်သည့်ပါတီမဆို၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်မဆို မဘသအဖွဲ့ကြီးက ထောက်ခံနေ ပါတယ်။ ဦးဇင်းတို့ မဘသဗဟိုတုန်းက မဘသတံဆိပ်နဲ့ ပန်းဖလက်တွေ ဖြန့်သွားတာရှိတယ် လေ။ အဲဒီတုန်းက ဦးဇင်းတို့ ချက်ချင်းသိမ်းပြီးတော့ ဒါမဘသအဖွဲ့လုပ်တာ မဟုတ်ပါဘူးလို့ ချက်ချင်းကြေညာပါ တယ်။ အဲဒီပန်းဖလက်တွေကိုပဲ မိတ္တူကူးပြီး တချို့မြို့နယ် တွေမှာ ဖြန့်တာတွေ့ရတယ်ပေါ့။ မဘသကို အသုံးချသွား တာပါ။
မေး - ပြီးတော့ မဘသအဖွဲ့ရဲ့နောက်မှာ အစိုးရရှိတယ်။ အစိုးရကို မဲဆွယ်ပေးနေတယ်လို့ လူမှုကွန်ရက် တွေပေါ်မှာပြော နေကြတယ်။ ဒါကိုရော ဘယ်လိုများ ဖြေရှင်းချင်ပါသလဲ ဘုရား။
ဖြေ - မဘသအဖွဲ့နောက်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့၊ အစိုးရ တို့ရှိတယ်ဆိုတာမဟုတ်ပါဘူး။ အစိုးရအနေနဲ့ မျိုးစောင့် ဥပဒေနဲ့ပတ်သက်လို့  ပူးပေါင်းဆောင်ရွက်တာတွေတော့ ရှိတယ်။ မဘသအဖွဲ့ကြီးကို ကျော ထောက်နောက်ခံပြုပြီး လူမိုက်အားပေးပုံစံမျိုးတော့ မလုပ်ပါဘူး။
မေး - ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သီတဂူဆရာတော်ကြီးနဲ့တွေ့ ဆုံခဲ့တယ်ဆိုတော့ ဘာတွေများ ဆွေးနွေး ဖြစ်ပါသလဲဘုရား။
ဖြေ - ဦးဇင်းတို့ ၂၈ ရက်နေ့ ကျင်းပမယ့် မဘသညီလာခံ အခမ်းအနားကို ဆရာတော်ကြီးကို တက်ရောက်ချီးမြှောက် ဖို့အတွက် သွားလျှောက်တာပါ။ နောက်တစ်ချက်က ရောက်တုန်းရောက်ခိုက် အမျိုးသားရေးနဲ့ပတ်သက်တာ၊ သာသနာရေးနဲ့ပတ်သက်တာတို့ ဆွေးနွေးခဲ့တာပါ။ ဆွေး နွေးတယ်ဆိုတာ ထက် ဆရာတော်ကြီး မိန့်ကြားတာကို သြဝါဒခံယူခဲ့တာပါ။
မေး - သီတဂူဆရာတော်ကြီးက မဘသညီလာခံကိုရော ကြွရောက် မှာပါလား ဘုရား။
ဖြေ - ဆရာတော်ကြီးကိုယ်တိုင်ကြွမယ်။ ဟောလည်းဟော ပြောမယ်။ သြဝါဒစရိယလည်း ပေးမယ်။
မေး - ဆရာတော်ကြီးနဲ့ဆွေးနွေးတဲ့အခါမှာ ဘာတွေများ အဆင် မပြေမှုတွေ ရှိခဲ့ပါသလဲ ဘုရား။
ဖြေ - ဘာမှမပါပါဘူး။ ဖြစ်ဖို့နေနေသာသာ သူ့ဆီမှာရှိတဲ့ စာအုပ်စင်ပေါ်က စာအုပ်တွေတောင် လက်ဆောင်ပေး လိုက်ပါသေးတယ်။ မပြည့်စုံမှာစိုးလို့ ဆရာတော်ကြီးအိပ် ခန်းထဲက စာအုပ်တောင် ယူခိုင်းပြီး ဦးဇင်းကို ပေးလိုက်သေးတယ်။ စိတ်မကြည်မလင်ဖြစ်စရာ၊ အဆင်မပြေစရာ မရှိပါဘူး။ အဲဒါတွေက မဟုတ်ပါဘူး။ ဖြစ်စေချင်တဲ့လူ တွေကတော့ အဲဒီလို ဖြစ်စေချင်တာပေါ့။ ဦးဇင်းတို့က သားအဖဆိုလည်း ဟုတ်တယ်။ ညီအစ်ကိုဆိုလည်း ဟုတ်တယ်။ ဆရာတပည့်ဆိုလည်း ဟုတ်တယ်။ ဦးဇင်းနဲ့ ဆရာ တော်ကြီးတို့ကြားမှာ ကွဲလွဲစရာ ဘာတစ်ခုမှမရှိပါဘူး။ ရာ နှုန်းပြည့် အဆင်ပြေပါတယ်။
မေး - ဆွေးနွေးတဲ့အခါမှာ သီတဂူဆရာတော်ကြီးက မဘသအဖွဲ့ကို ဘာတွေများ လမ်းညွှန်မှုပေး လိုက်ပါသေးလဲဘုရား။
ဖြေ - ပေးပါတယ်။ စည်းလုံးဖို့၊ ညီညွတ်ဖို့၊ စိတ်ဝမ်းမကွဲဖို့၊ အလုပ်လုပ်ဖို့ အဲဒါတွေပေးမယ်။ အဓိက,ကတော့ ဓမ္မ ကထိကညီလာခံကျင်းပဖို့ ဆရာတော်ကြီးအာရုံထဲမှာ ရှိတယ်။ အဲဒီညီလာခံကျင်းပဖို့ စီစဉ်မှာပေါ့။ အဲဒီမှာ ဦးဇင်းနဲ့ ဓမ္မကထိကဆရာတော်နှစ်ပါးလောက်ရှာပြီး စုစည်းထား ဖို့ပေါ့။ စုစည်းပြီးလို့ ရှိရင် ဓမ္မကထိကညီလာခံကျင်းပမယ် ပေါ့။ ပြီးရင် ဓမ္မကထိကဆရာတော်တွေ ဆွေးနွေးကြမယ် ပေါ့။ အဓိက,ကတော့ ဟောပြောတဲ့အခါမှာ ဓမ္မဝိနည်း တွေနဲ့အညီ ဟောပြောနိုင်ဖို့၊ ဟောပြောလို့ရရှိတဲ့ ဓမ္မပူဇာ အလှူတော်ငွေတွေကို အကျိုးရှိရှိ အမျိုး၊ ဘာသာ၊ သာ သနာအတွက် အသုံးချဖို့၊ ပရဟိတအတွက် အသုံးချဖို့အ တွက် အဲဒါတွေကို ရည်ရွယ်ပါတယ်။
မေး - မဘသအဖွဲ့အနေနဲ့ နောက်ပိုင်းကာလတွေမှာ ဘယ်လိုမူ ဝါဒတွေ၊ ဘယ်လိုလုပ်ဆောင်ချက်တွေ ထပ်ပြီးဆောင်ရွက် သွားဦးမလဲ ဘုရား။
ဖြေ - ဦးဇင်းတို့က မျိုးစောင့်ဥပဒေအရေးလို့သာ အရေး ပေါ် တောင်းဆိုရတာပေါ့။ တကယ်တမ်းတော့ ဦးဇင်းတို့ လူမျိုးအတွက် အလုပ်လုပ်စရာတွေ အများကြီးရှိသေးတာ ပေါ့။ ဒါမျိုးတွေကို ဦးဇင်းတို့ ဒုတိယခြေလှမ်းအနေနဲ့ လုပ် ဆောင်မှာပါ။
အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် အရှင်ဘုရား။

‪စည်သူကျော် - ဆက်သွယ်မေးမြန်းသည်။
YangonTimesJournal‬

0 comments:

Post a Comment