Friday, September 25, 2015

စပိန်ကလပ် ဗလင်စီယာနှင့် ဧရာဝတီအသင်းတို့ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များ ပူးပေါင်းဆောင်ရွက်သွားမည်

 မြန်မာနေရှင်နယ်လိဂ် ကလပ် ဧရာဝတီယူနိုက်တက်အသင်းသည် ကမ္ဘာကျော် စပိန် ကလပ် ဗလင်စီယာအသင်းနှင့် ပူးပေါင်းကာ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များဆောင်ရွက်နိုင်ရန် အကြိုသဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိသည်။


ပုသိမ်မြို့တွင် ဘောလုံးအကယ်ဒမီဖွင့်လှစ်၍ လူငယ်ဘောလုံးသမားများအား ပြုစုပျိုးထောင်ပေးလျက်ရှိသော ဧရာဝတီယူနိုက်တက်အသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ဗလင်စီယာအသင်းမှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတစ်ဆင့် လာရောက်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်း၏ အထွေထွေမန်နေဂျာ ဦးဇွဲလှိုင်မှီနှင့် ဗလင်စီယာအသင်း၏ ဘောလုံးအားကစားနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန ညွှန်ကြားရေးမှူး မစ္စတာအန်ဒီးယွန် တို့ စက်တင်ဘာ ၉ ရက်က စင်ကာပူနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှုများအပြီး အကြိုသဘောတူညီမှုရရှိခဲ့သည်။

 မစ္စတာအန်ဒီးယွန်သည် အောက်တိုဘာ ပထမပတ်အ တွင်း မြန်မာနိုင်ငံသို့ လာရောက်ကာ ဧရာဝတီအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လူငယ်စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို အသေးစိတ် ဆွေးနွေးသွားမည်ဖြစ်သည်။

 ‘‘ဗလင်စီယာအသင်းက သူတို့အသင်းရဲ့ပုံရိပ်ကို ချဲ့ထွင် ချင်တဲ့သဘောပေါ့။ မြန်မာနိုင်ငံနဲ့ အာဆီယံမှာတော့ ဒီလိုမျိုး ပူး ပေါင်းဆောင်ရွက်မှုက ပထမဆုံး အစီအစဉ်ပါပဲ။ သူတို့ဘက်က နည်းစနစ်ပိုင်းကို ကူညီပေးမလား၊ ကွင်းရုံအဆောက်အအုံ ပိုင်းကို ကူညီပေးမလား မသိသေး ဘူး။ သေချာတာက ကျိန်းသေ အကောင်အထည်ဖော်ဖြစ်မှာပါ’’ ဟု ဧရာဝတီအသင်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

7Day Daily

0 comments:

Post a Comment