Tuesday, September 29, 2015

"အမုန်းခံ၍ ပြောရအုံးမည်" - (ဂြိုဟ်တိုင်များနဲ့ ဗုဒ္ဓဘာသာ)


လွဲနေတာလေးတွေပြောရင်းနဲ့ နောက်ထပ်

အလွဲတစ်ခု ပြောစရာ ပေါ်လာပြန်ပါတယ်။ အဲဒါက

စေတီပုထိုးများနဲ့ ဂြိုဟ်တိုင်များကိစ္စဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားတယ်၊ဘုရားသွားတယ်နဲ့ တကယ်တော့

ဘုရားသွားပြီး ဘုရားအာရုံပြု ရှိခိုးကြတာထက်

ဘုရားရောက်ရောက်ချင်း ဂြိုဟ်တိုင်

လိုက်ရှာနေကြတာတွေပါ။

ကိုယ်မွေးတဲ့ မွေးနေ့အလိုက်

လုပ်ထားတဲ့ ဂြိုဟ်တိုင်တွေမှာ သွားပြီး

ဘုရားကို ရေသွားပက်ကြတာ၊

ခေါင်းပေါ်ကနေ ရေလောင်းပေးကြတာ၊

အမွေးတိုင်း၊ ဖယောင်းတိုင် အစည်းလိုက်

မီးရှို့ပြီး ဘုရားကို မီးတိုက်ကြတာတွေဟာ

ရုပ်ပွားဆင်းတုတော် ဖြစ်တဲ့ဘုရားက

ဘာမှ မပြောပေမယ့် သက်ရှိသူတစ်ယောက်

သာဆိုရင် ထရိုက်လိုက်မှာအမှန်ပါပဲ။

ဘုန်းဘုန်းတို့ကျောင်းက အိမ်တော်ရာ

ဘုရားဝင်းထဲမှာရှိတော့ ဘုရားလာဖူးတဲ့သူတွေရဲ့

လုပ်ဆောင်ချက်တွေကို တွေ့မြင်နေရပါတယ်။

တွေ့ရုံတင်မဟုတ်ပါဘူး။ ဘုန်းဘုန်းကိုယ်တိုင်

ဦးဆောင်ဖွဲ့ပေးထားတဲ့ ဗုဒ္ဓဟူးဝတ်အသင်းက

ဗုဒ္ဓဟူးနေ့ မနက်တိုင်း သန့်ရှင်းရေးလုပ်ကြတဲ့အခါမှာ

အသင်းဝင်အချို့ရဲ့ ဂြိုဟ်တိုင်နားက

မခွါနိုင်တာတွေကိုလည်း သတိထားမိပါတယ်။

တံမြက်လှဲ၊ ဘုရားပန်းလဲ၊ ရင်ပြင်သန့်ရှင်းရေးတွေ

အားလုံးလုပ်ပြီး ကိုယ့်ဂြိုဟ်တိုင် ကိုယ်သွားကာ

ဆောင်းတွင်းမနက် စောစောစီးစီး

ဘုရားကို ခေါင်းပေါ်ကနေလောင်းလို့

သက်စေ့ရေပက်နေတာတွေကြောင့်

သူတို့ကို ပြောပြရပါသေးတယ်။

ကိုယ်ကိုယ်တိုင် ဆောင်းတွင်းမနက်စောကြီးမှာ

ခေါင်းပေါ်ကနေ ရေလောင်းကြည့်ပါလားလို့…။

လွဲနေတာတွေပါ။

ဟုတ်ပါတယ်။

ဗုဒ္ဓဘာသာ အများစုဟာ ဘုရားသွားကြတယ်ဆိုရင်

ဘုရားရင်ပြင်တော်မှာ ရှိတဲ့ စနေ၊ တနင်္ဂနွေ၊

တနင်္လာစတဲ့ ဆိုင်ရာနေ့နံတွေကို အရောက်သွားကာ

ဂြိုဟ်တိုင်မှာရှိတဲ့ ဘုရားရုပ်ပွားနဲ့ ရုပ်ပွားတော်အောက်က

နဂါး၊ ဂဠုံ၊ ကျားစတဲ့ သတ္တ၀ါတွေကို အဓိကသွားပြီး

သက်စေ့ ရေလောင်းနေကြတာ တွေ့ဖူးကြမှာပါ။

ကိုယ်ကိုယ်တိုင်လည်း အဲဒီအထဲမှာ ပါရင်ပါနေကြမှာပါ။

ပြောတော့ ဘုရားကို သက်စေ့ရေ လှူတာတဲ့။

နောက်ဆုံးတော့ ဗေဒင်ဆရာစကားအတိုင်း

လိုက်လုပ်နေကြတာတွေပါ။ ဘုရားကို

ရေလှူချင်တယ်၊ ရေသပ်ပယ်ချင်တယ်ဆိုရင်လည်း

သက်စေ့တွေ ဘာတွေလုပ်မနေနဲ့ပေါ့။

နေ့နံတွေ ဘာတွေရွေး မနေနဲ့ပေါ့။


သင့်လျော်တဲ့ ရုပ်ပွားဆင်းတုတော်ကို

သေသေချာချာ ကျကျနန သန့်သန့်ရှင်းရှင်းလုပ်ပြီး

သက်တော်ထင်ရှား ဘုရားရှင်ကို အာရုံပြုလို့

အပူအအေး သင့်မြတ်တဲ့အချိန်တွေမှာ

ရေသပ္ပါယ်သင့်တာပေါ့။

မီးပူဇော်တာလည်း ဒီအတိုင်းပါပဲ။

★ ဘုရားမီးပူဇော်တယ်ဆိုရင်လည်း

ဖယောင်းတိုင် သက်စေ့တွေ ဘာတွေလုပ်မနေနဲ့။

ဘုရားရှင်ကို မီးမြိုက်သလို မဖြစ်အောင်

ခပ်ဝေးဝေးကနေ ထွန်းညှိပူဇော်ကြပေါ့။

မီးပူဇော်တယ်ဆိုတာ အမှောင်ကျတဲ့အချိန်မှာ

ဘုရားကို အလင်းရအောင် ညဘက်ပူဇော်တာဖြစ်ပါတယ်။

ခုတော့ နေ့ခင်းကြောင်တောင်ကြီးလည်း

ဘုရားရှေ့နားမှာ ဖယောင်းတိုင်တွေ

သက်စေ့ထွန်းပြီး လှူထားတာဟာ

မီးပူဇော်တာနဲ့ မတူဘဲ နေ့ခင်းကြောင်တောင်

ဘုရားကို မီးတိုက်သလိုဖြစ်နေပါတယ်။

ကိုယ်ကိုယ်တိုင် မီးအပူခံကြည့်ဖို့တောင်လိုနေပါပြီ။

ဒါကြောင့် ဗုဒ္ဓဘာသာတွေ ဘုရားပျောက်နေကြတယ်လို့

တစ်ချို့က ပြောကြတာ ဖြစ်မှာပါ။

ဟုတ်သင့်သလောက်လည်း ဟုတ်နေပါတယ်။

ရွှေတိဂုံဘုရားသွားပြီး ဘုရားစေတီမှာ

ဌပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့

ဆံတော်ဓာတ်တော်ကို အာရုံပြု၊

ဘုရားဂုဏ်ကို နှလုံးသားမှာတည်ကာ

ဘုရားရှိခိုး ပူဇော်ရမယ့်အစား

ဂြိုဟ်တိုင်သွားပြီး ရေလောင်း၊ မီးတိုက်နေကြတော့

ဘုရားသွားတဲ့ အဓိပ္ပါယ်ပျောက်ကာ

ဘုရားသွားပြီး ဘုရားမမြင်ကြတဲ့သူတွေလို့

ပြောစရာ ဖြစ်ကုန်ပါတော့တယ်။

ဘုရားသွားဖူးတာ မဟုတ်ဘဲ

ဘုရားကို အလည်သွားသလို ဖြစ်နေပါတယ်။

ဖြစ်သင့်တာက ဘုရားစေတီ သွားရင်လည်း

သင့်လျော်တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရွေးချယ်၊

ဘုရားရုပ်ပွားတော် ဒါမှမဟုတ် စေတီတော်ကို

မှန်းကာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ လွှမ်းခြံပြီ

ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ၊

တရားထိုင်တာတွေ လုပ်သင့်ပါတယ်။


★ ဘုရားကို ရေပူဇော်ချင်တယ်၊

မီးပူဇော်ချင်တယ်ဆိုရင်လည်း အပူအအေးမျှတဲ့အခါ၊

အမှောင်ရှိတဲ့အခါမျိုးမှာ သက်တော်ထင်ရှား

ဘုရားရှင်ကို ရေသပ်ပယ်ပေးနေသလို၊

ညအမှောင်မှာ ဘုရားရှင်ကို အလင်းဓာတ်နဲ့ ပူဇော်သလို၊

အနံ့အသက် ကောင်းအောင် အမွေးတိုင်နဲ့

ပူဇော်သလို စေတနာအပြည့်နဲ့ ရိုရိုသေသေ

လေးလေးစားစား ပြုစုပူဇော်သင့်ပါတယ်။

ဒါမှ ဘုရားသွားခြင်းရဲ့ အဓိပ္ပါယ်ပြည့်ဝပြီး

ဂြိုဟ်တိုင်များက ခွါနိုင်မှာ ဖြစ်ပါတယ်။




ဒါကြောင့် ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာများအနေနဲ့

ဘာသာရေးကို လောကီရေးတွေနဲ့ မရောယှက်ရအောင်

လောကီဆရာတွေ အလိုကျ လုပ်မိနေတတ်တဲ့

“ဘုရားအကြောင်းပြကာ ဂြိုဟ်တိုင်များမှာသွားပြီး

စောစောစီးစီး ဆောင်းတွင်းကြီးမှာ

ဆင်းတုတော်ကို ရေလောင်းတာတို့၊

နေ့လယ်နေ့ခင်း ဘုရားရှင်ကို

မီးတိုက်တာတို့ မလုပ်ကြဘဲ

ပုံတော်ကိုမှန်း ဂုဏ်တော်လွှမ်းကာ…


★ ရုပ်ပွားဆင်းတုတော်ကို

အပူအအေးကင်းတဲ့အချိန်မှာ

သေသေချာချာ ကျကျနန ရေသပ္ပါယ်ခြင်း၊

သန့်ရှင်းရေးလုပ်ခြင်း၊ အမှောင်ကိုခွင်းဖို့

လိုအပ်တဲ့အချိန်မှာ မီးထွန်းပူဇော်ခြင်း

စသည်တို့ကို ပြုခြင်းဖြင့်သာ ဂြိုဟ်တိုင်များက

ခွါပြီးဘုရားသွားခြင်းရဲ့ အဓိပ္ပါယ်ကို

အပြည့်အ၀ သက်ရောက်အောင်သာ

ကြိုးစားလုပ်ဆောင် သင့်ပါကြောင်း”

အလွဲလေးများကို ထောက်ပြရင်း

အမှန်လမ်းကို ကောက်ပြလိုက်ပါတယ်။




(မနာပဒါယီ အရှင်ဝိစိတ္တ)

ကိုယ်စိတ်နှစ်ပါးအေးချမ်းပြီး

အမြင်မှန်ကာ လမ်းမှန်တွေ့ကြပါစေ။

★“စိတ်ထားတတ်လျှင် မြတ်၏"★

သက်တော်ထင်ရှား မြတ်စွာဘုရားပေါ်၌၄င်း၊

ပရိနိဗ္ဗာန်ဝင်စံကြွသွား မြတ်စွာဘုရားနှင့်

ရုပ်ပွားဆင်းတုတော်၊ စေတီတော်တို့အပေါ်၌၄င်း၊

ကြည်ညိုသောစိတ်၊

ပြစ်မှားလိုသောစိတ်တို့သည်

တူမျှသည်ရှိသော်

ရရှိမည့် ကောင်းကျိုးဆိုးကျိုးသည် တူမျှ၏။




အဘယ့်အကြောင့်နည်း ဟူမူ..

စိတ်ထားကောင်းသောကြောင့်သာလျှင်

သတ္တ၀ါတို့သည် သုဂတိဘ၀သို့

လားရောက်ကြရကုန်သောကြောင့်တည်း။

တိဌန္တေ နိဗ္ဗူတေစာပိ၊

သမေ စိတ္တံ သမံ ဖလံ။

စေတောပဏိဓိဟေတုဟိ၊

သတ္တာ ဂစ္ဆန္တိ သုဂတိံ။

(မြတ်ဗုဒ္ဓ)


Credit>>>Peti Phyu

0 comments:

Post a Comment