Wednesday, September 23, 2015

အသတ်ခံရသော မြွေက လူကို ဝင်ပူးသည့် ထူးဆန်းသည့်ဖြစ်စဉ် စစ်ကိုင်းတိုင်းတွင် ဖြစ်ပွား


စစ်ကိုင်းမြို့မှ မင်းကွန်းဘက်သို့ သွားရာလမ်း ရှင်ဖြူရှင်လှ ရပ်ကွက်တွင် စပါးကြီး မြွေတစ်ကောင်အား တွေ့ရှိ၍ ဒေသခံ တံငါလုပ်သူများက ၀ိုင်းဝန်း သတ်ဖြတ်ခဲ့ရာ သတ်ဖြတ်ခြင်းခံရသော မြွေက အမျိုးသမီး တစ်ဦးအား ၀င်ပူးကာ ငိုယိုဟစ်ကြွေး ကြုံးဝါး ပြောဆိုခဲ့ခြင်းအား ဒေသခံ ဆရာတော်ထံ လျှောက်ထားရာမှ ပြောကြားမှုများမှာ တိုက်ဆိုင်စွာ မှန်ကန်နေသဖြင့် လူအများ စိတ်ဝင်စားလျက် ရှိနေကြောင်း သိရသည်။“မြွေကြီးကို တွေ့တော့ ဒေသခံတွေက သတ်လိုက်ကြတယ်။ ညနေ ၄ နာရီလောက်ပေါ့။ ရှင်ဖြူရှင်လှ ရပ်ကွက်ထဲက အမျိုးသမီး တစ်ဦးက သူ့ကို လူတွေက ၀ိုင်းသတ်ပါတယ်ဆိုပြီး လူးလိမ့်ပြီး ငိုတယ်။ နင်တို့ကို မကျေနပ်ဘူး။ တစ်ရွာလုံး ရေနစ် သတ်မယ်လို့လည်း ကြုံးဝါးတယ်။ အဲဒါနဲ့ ဒီပါဧမြကျောင်းတိုက် ဆရာတော်ကို ပင့်ပြီး အဖြစ်အပျက်ကို လျှောက်ထားကြတယ်။ ဆရာတော်က ပရိသတ်ရေ ဖြန်းပြီး အကျိုးအကြောင်းကို မေးတော့ “တပည့်တော်တို့ဟာ သာသနာပြုဖို့ ဒီနေရာကို ရောက်လာတာပါ ဘုရား။ အစ်ကိုဖြစ်သူ မြွေကြီးတစ်ကောင်လည်း ပါပါတယ်။ အစ်ကိုဖြစ်သူ မြွေကြီးက ခါးမှာ ဒဏ်ရာရှိလို့ တစ်နေရာမှာ နေခဲ့ချိန် အသတ်ခံရတာ ဖြစ်ပါတယ်။ အဲဒီအတွက် မကျေနပ်ကြောင်း ၀င်ပူးတဲ့ အမျိုးသမီးက ပြောပါတယ်”ဟု ဒေသခံ ကိုဝေမွန်က ပြောကြားသည်။

မြွေကို သတ်ဖြတ်ခဲ့သည့်အတွက် မကျေနပ်ကြောင်း၊ သတ်ဖြတ်သူများကို ပြန်လည် ရေနှစ်သတ်မည်ဟု အဆိုပါ မြွေဝင်ရောက် ပူးနေသူက ပြောဆိုနေသဖြင့် ဆရာတော်က မေတ္တာရေဖြင့် ပက်ဖျန်း တောင်းပန်ခဲ့ပြီး မသိနားမလည်၍ သတ်ဖြတ်မိသူများကို အန္တရာယ် မပြုရန်နှင့် သတ်ဖြတ်သူများကို ဘုရားတွင် လုပ်အားပေး ခေါ်ခိုင်းမည်။ ကျန်ရှိနေသော အစ်ကိုဖြစ်သူ မြွေကိုလည်း ဘေးမသီ ရန်မခရန် စောင့်ရှောက်မည်” ဟု မိန့်သောအခါ မြွေဝင်ပူးသူ အမျိုးသမီးက ကျေနပ်ပါကြောင်း အစ်ကိုဖြစ်သူဟာ ရွာအနားမှ ကုက္ကိုပင်တွင် ရှိကြောင်း၊ ခါးမှာ ဒဏ်ရာရထားကြောင်း လူများကို ကြောက်လန့်နေကြောင်း လျှောက်ထားကြောင်း သိရသည်။

“ရွာကလူတွေ လာလျှောက်လို့ ဘုန်းဘုန်းက ရွာထဲကို လိုက်သွားတာ ညနေ ၆ နာရီလောက်ပေါ့။ ဒကာမကြီးက မတူးဆိုသူပါ မြွေက သူ့ကိုဝင်ပူးပြီး ပြောနေတာ။ သူတို့ မောင်နှမကို ဘုရားထဲမှာပဲ ထားပေးပါ။ အစ်ကိုဖြစ်သူ မြွေကိုလည်း ကောင်းမွန်စွာ ခေါ်ပေးပါလို့ လျှောက်တယ်။ သူပြောတဲ့ ကုက္ကိုပင်ပေါ်ကို မြွေဖမ်းသမားခေါ်ပြီး တက်ကြည့်ခိုင်းတော့ စပါးကြီး မြွေတစ်ကောင် ထပ်တွေ့ရတယ်။ မာန်ဖီနေပေမယ့် နောက်တော့ မြွေဖမ်းသမားလက်ကို ရစ်ပတ်ပြီး အသာတကြည် လိုက်လာတယ်”ဟု ဆရာတော် ဘဒ္ဒန္တ အရှင်တေဇောက မိန့်ကြားသည်။

သေဆုံးသွားသော မြွေကြီးအတွက် ၇ရက်မြောက်နေ့တွင် ကုသိုလ်ကောင်းမှုပြု ရေစက်ချ အမျှဝေခြင်းကို စက်တင်ဘာ ၁၇ရက်က ပြုလုပ်ခဲ့ရာ လာရောက်ကြည့်ရှုသူ သိုက်နန်း ဆက်သူများဖြင့် စည်ကားခဲ့သည်။ အသတ်ခံရသည့် မြွေကြီးနှင့် ၄င်း၏အစ်ကို တော်စပ်သူ စပါးကြီး မြွေကြီးတစ်ကောင်ကို ရှင်ဖြူရှင်လှတွင် ထားရှိကာ လာရောက် ကြည့်ရှုသူများနှင့် သက်ဝင် ယုံကြည်သူများက အုန်းငှက်ပျောပွဲ ပန်းများ ဆက်သလျက် ရှိသည်ကို မြင်တွေ့ရသည်။

“ဘုန်းဘုန်းအနေနဲ့ မြွေပြစားတဲ့ ဘုရား အဖြစ်မခံချင်ဘူး။ အပြောလည်း မခံချင်ဘူး။ အခြေအနေနဲ့ အချိန်အခါက အားလုံး တိုက်ဆိုင်နေတယ်။ သာသနာပြုနေတဲ့ မြွေကြီးတွေလို့ပဲ သတ်မှတ်စေချင်တယ်။ နတ်ဖြစ်သွားတယ်လို့ ဆတိုးချဲ့ကားမှာစိုးတယ်”ဟု မိန့်ကြားသည်။

ဆွေနိုင်စစ်
Tomorrow

0 comments:

Post a Comment