Wednesday, September 30, 2015

Mammatus clouds ပိုဖြစ်နိုင်တဲ့ တောင်တွင်းကြီးမှာတွေ့ခဲ့ရတဲ့တိမ်အမျိုးအစား

 

ဒီကနေ့ညနေပိုင်း တောင်တွင်းကြီးမှာတွေ့ခဲ့ရတဲ့တိမ်အမျိုးအစားတွေဟာ earthquake တိမ် ဆိုတာထက် မိုးတိမ်တောင်တွေနဲ့အတူတွဲဖြစ်တတ်တဲ့ mammatus တိမ်အမျိုးအစား ပိုဖြစ်နိုင်ပါတယ်။

Mammatus သို့မဟုတ် mammatocumulus တိမ်ဆိုသည်မှာတမ်တိုက်တစ်ခုရဲ့အောက်ခြေ တွင် ဖြစ်ပေါ်တတ်တဲ့ လုံးဝန်းသောပုံသဏ္ဍာန်ရှိတိမ်အမျိုးအစားဖြစ်ပါတယ်။ mammatus ဆိုသောစကားမှာ latin ဘာသာစကား mamma မှ ဆင်းသက်လာပြီး၊ နွားမ သို့မဟုတ် ဆိတ် တို့၏ နို့အုံ သို့မဟုတ် မိန်းမတို့၏သားမြတ် ဟု အဓိပ္ပါယ်ရပါတယ်။Mammatus တိမ်များဟာ အများအားဖြင့် ပေခုံသဏ္ဍာန်(anvil shaped) ရှိသောတိမ် (သို့မဟုတ်) မိုးတိမ်တောင်(thunderstorm) တို့နှင့် အတူယှဉ်တွဲဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတစ်ရန်တွင်လည်း altocumulus, altostratus, stratocumulus တိမ်များမှလည်းဖြစ်ပေါ်တတ်ပါတယ်။ ရန်ဖန်ရန်ခါတွင်လည်း မီးတောင်များမှထွက်ရှိလာသော မီးတောင်ပြာမှုန်များကြောင့်လည်း ဖြစ်တတ်ကြပါတယ်။ အရေးကြီးတဲ့အချက်ကတော့ mammatus တိမ်တွေဟာ မိုးတိမ်တောင်နဲ့ယှဉ်တွဲဖြစ်ပေါ်ပါက ဒါဟာ အားကောင်းတဲ့ မိုးကြိုးမုန်တိုင်း (သို့)လေပြင်းတိုက်ခတ်မှု(သို့) လေဆင်နှာမောင်းလေပြင်တစ်ခုရဲ့ရှေ့ပြေး ဖြစ်တတ်ပါတယ်။

mammatus တိမ်နဲကအတူယှဉ်တွဲဖြစ်ပေါ်နေတဲ့ မိုးတိမ်တောင်တစ်ခုကိုတွေ့ရပါက အဆိုပါတိမ်အနီးပတ်ဝန်းကျင်မှာ ပြင်ထန်တဲ့အထက်အောက်လေရွဲ့စောင်းမှု (vertical wind shear) ရှိတတ်တာကြောင့် လေယာဉ်များအနေနဲ့ ဝေးရာကို အထူးရှောင်ရှားသွားရလေ့ ရှိပါတယ်။

Mammatus တိမ်များဟာ များသောအားဖြင့် နုးညံ့တဲ့ပုံသဏ္ဍာန်ရှိတဲ့တိမ်များဖြစ်ကြပြီး၊ အများအားဖြင့်လည်း အလင်းပိတ်တိမ်များဖြစ်တတ်ကြပါတယ်။

mammatus တိမ်တွေဟာ ကီလိုမီတာပေါင်းများစွာဝေးကွာတဲ့ဒေသတလျှောက် ပြန့်ကျဲဖြစ်တတ်ကြသလို မျဉ်းတပြေးတည်း ပေါ်မှာ အရွယ်အစားအမျိုးမျိုးများနဲ့ စုဝေးပြီးတော့လည်းဖြစ်တတ်ကြပါတယ် mammatus တိမ်လုံးတစ်ခုဟာ အချင်း 1-3 km အလျားရှိတတ်ပြီး ပျမ်းမျှအချင်းဝက်ကတော့ 0.5 km ခန့်ရှိတတ်ကြပါတယ်။ တိမ်လုံးတစ်လုံးဟာ အများအားဖြင့် (၁၀)မီနစ်ခန့်သာကြာမြင့်တတ်ပါတယ်။ အစုအဝေးကြီးတစ်ခုလုံးအနေဖြင့်တော့ 15 min မှ နာရီအတော်အတန်ကြာအောင် ကြာမြင့်တတ်ပါတယ်။ အဲဒီတိမ်တွေဟာ ရေခဲပွင့်တွေ၊ ဒါမှမဟုတ် ရေခဲပွင့်နဲရေရောရာ၊ သို့မဟုတ် ရေသန့်သန့် တို့ဖြင့် ဖွဲ့စည်းတည်ဆောက် ထားလေ့ရှိပါတယ်။

အရေးကြီးတဲ့အချက်တစ်ခုကတော့ mammatus တိမ်တွေဟာ များသောအားဖြင့် မုန်တိုင်းတစ်လုံး ဒါမှမဟုတ် လွန်ကဲရာသီဥတုဖြစ်စဉ်တစ်ခုတို့ရဲ့ရှေ့ပြေးဖြစ်နေ တတ်ခြင်းဖြစ်ပါတယ်။ အကယ်၍ ရေခဲများဖြင့်သာ ဖွဲ့စည်းထားပါက mammatus တိမ်တွေဟာ အလျားမိုင်ရာချီပြီး ပြန့်ထွက် နေတတ်ပြီး တိမ်လုံးတစ်လုံးချင်းဟာလည်း 10-15 min ခန့်အထိ သက်တမ်းရှိတတ်ကြပါတယ်။

ဒီကနေ့ တောင်တွင်းကြီးမှာတွေ့ခဲ့ရတဲ့တိမ်ဟာ Earthquake cloud ထက် Mammatus Cloud ဖြစ်ဖို့ ပိုသေချာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
***********************************************************
၃၀-၉-၂၀၁၅
ည(၁၁း၁၃)နာရီ။

Yangon Media Group

0 comments:

Post a Comment