Wednesday, September 30, 2015

စပရက်တလေ ကျွန်းစုများအရေးနှင့် ပတ်သက်၍ တရုတ်ခေါင်းဆောင်ကို ဗီယက်နမ်သမ္မတ စိန်ခေါ်


တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းစုများနှင့် ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပိုင်နက်ကြေညာမှုများကို ဗီယက်နမ်သမ္မတက လူသိရှင်ကြား ပယ်ချလိုက်သည်ဟု VOA သတင်းဌာနက ဖော်ပြထားသည်။

တနင်္လာနေ့ညက နယူးယောက်မြို့ Asia Society တွင် မိန့်ခွန်းပြောသော ဗီယက်နမ်သမ္မတ ထရောင်တန်ဆန်က စပရက်တလေ ကျွန်းစုများကို ဗီယက်နမ်ကသာ ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လတ်တလော အမေရိကန်ပြည်ထောင်စုသို့ တရားဝင်ခရီးစဉ် လာရောက်ကာ ကုလညီလာခံတွင် မိန့်ခွန်းပြောသွားသူ တရုတ်ခေါင်းဆောင်က နန်ရှား (စပရက်တလေ) ကျွန်းစုသည် ရှေးကတည်းက တရုတ်ပိုင် ဖြစ်သည်ဟု Wall Street Journal သို့ မကြာသေးမီက ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် သတင်းထောက်များက မေးမြန်းသောအခါ ဗီယက်နမ်သမ္မတက “အစည်းအဝေးတွေမှာ တရုတ်တွေက ဒီကျွန်းတွေကို သူတို့ပိုင်တယ်၊ အငြင်းပွားစရာ မလိုဘူးလို့ အမြဲပြောလေ့ ရှိပါတယ်။ ကျွန်တော်တို့ကလည်း ဒီကျွန်းတွေကို ရှေးကတည်းက ဗီယက်နမ်ကပိုင်တယ်။ အငြင်းပွားစရာ မလိုဘူးလို့ ပြန်ပြီး ငြင်းချက်ထုတ်ချင်ပါတယ်” ဟု ပြောဆိုသည်။

“ဗီယက်နမ်အနေနဲ့ ဒီလိုကိစ္စကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဖြေရှင်းချင်ပါတယ်။ ဒီနည်းဟာ ရှေ့ဆက်ဖို့ တစ်ခုတည်းသောလမ်း ဖြစ်ပါတယ်။ တခြားပါရာဆဲလ်လို ဗီယက်နမ်နဲ့ တရုတ် နှစ်နိုင်ငံ သက်ဆိုင်တဲ့ ကိစ္စမျိုးမှာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသွားမှာ ဖြစ်ပြီး၊ ခြောက်နိုင်ငံ ပတ်သက်နေတဲ့ စပရက်တလေလို ပိုင်နက်ကြေညာသူတွေ များတဲ့ ပြဿနာမှာလည်း သက်ဆိုင်သူ အားလုံးဟာ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဖို့ လိုပါတယ်” ဟု ထရောင်တန်ဆန်က ရှင်းလင်းပြောကြားသည်။

ပါရာဆဲလ်ကျွန်းစု ကိစ္စတွင် တရုတ်နှင့် ဗီယက်နမ်တို့ အငြင်းပွားလျက်ရှိပြီး စပရက်တလေကျွန်းစု ပြဿနာတွင်မူ ထိုနှစ်နိုင်ငံအပြင် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားနှင့် ထိုင်ဝမ်တို့ကလည်း ပိုင်နက်ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားကြသည်။

မြောက်ဘက်အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံကို အာခံပြလိုက်သည်ဟု ရှုမြင်ကြသော ထရောင်တန်ဆန်၏ ကြေညာချက်မှာ အွန်လိုင်းတွင် အကြီးအကျယ် အားပေးဂုဏ်ပြုခြင်း ခံနေရသည်။

ဗီယက်နမ် အာဏာပိုင်များသည် တောင်တရုတ်ပင်လယ်ပြင် အရေးတွင် အလျှော့ပေးနေသည်ဟု အတိုက်အခံများနှင့် ဘလော့ဂါများက ယခင်က ဝေဖန်ခဲ့ကြသည်။

မနေ့က ကုလသမဂ္ဂ ညီလာခံတွင် မိန့်ခွန်းပြောကြားသော သမ္မတ အိုဘားမားကလည်း “အမေရိကန်ပြည်ထောင်စုသည် ရေကြောင်းလမ်း လွတ်လပ်ခွင့်နှင့် ကုန်သွယ်မှု လွတ်လပ်စွာ စီးဆင်းခွင့်တို့၏ အခြေခံစည်းမျဉ်းများ ထိန်းသိမ်းရေးနှင့် ပိုင်နက်အငြင်းပွားမှုများကို အင်အားဖြင့် မဟုတ်ဘဲ နိုင်ငံတကာ ဥပဒေများနှင့်အညီ ဖြေရှင်းရေးကို အလေးထားကြောင်း၊ ရေပြင်ပိုင်နက် အငြင်းပွားမှုများတွင် မည်သည့်ဘက်မှ လိုက်မည်မဟုတ်ကြောင်း၊ တင်းမာမှု ကြီးထွားစေမည့် ရန်စသော လုပ်ရပ်များကို အားလုံးရှောင်ရှားဖို့ လိုကြောင်း” ထည့်သွင်းပြောဆိုသွားသည်။

ဘေဂျင်းသည် မနှစ်က အငြင်းပွား ရေပြင်တွင် ရေနံတွင်းတူးစင် ဆောက်လုပ်မှုကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရပြီး ယခုတစ်ကြိမ်တွင်လည်း ပိုင်နက်ကြေညာမှု ထပ်မံထုတ်ပြန်ခြင်းကြောင့် နိုင်ငံပေါင်းများစွာ၏ ဝေဖန်မှုကို ခံရလိမ့်မည်ဟု ဆိုကြသည်။

The Voice Weekly

0 comments:

Post a Comment