Wednesday, September 30, 2015

မန်စီတွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲများဆက်ဖြစ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် တပ်မတော်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း မန်စီမြို့ ဒေသခံများနှင့် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။“မနေ့က မနက် ဆယ်နာရီလောက်ကစပြီး ညပိုင်းအထိ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိတယ်။ တပ်မတော်ဘက်ကလည်း မန်စီမြို့ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်တာလည်း ရှိတယ်။ KIA တပ်စခန်း တစ်ခုကိုလည်း မနေ့က သိမ်းလိုက်တယ်လို့ သတင်းကြားတယ်၊ ဒီနေ့မနက်တော့ သေနတ်သံ မကြားရသေးဘူး” ဟု မန်စီမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ ဒေသတွင် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မန်စီမြို့လယ်ရှိ လောကမာန်အောင် ဘုရားဝင်းအတွင်း တပ်မတော်က လက်နက်ကြီးများ တပ်ဆင်ကာ KIA တပ်စခန်းများ ရှိရာသို့ ပစ်ခတ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု မန်စီမြို့ ဒေသခံများက ဆိုသည်။

KIA အဖွဲ့သည် မန်စီမြို့ အနီးပတ်ဝန်းကျင်တွင် လာရောက်နေထိုင်၍ မြို့နေပြည်သူလူထု၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ပြီး မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်သည်ဟုဆိုကာ ဒေသခံများက ရှင်းလင်းပေးရန် အကူအညီ တောင်းသောကြောင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ပြုလုပ်ရခြင်း ဖြစ်သည်ဟု စက်တင်ဘာ ၂၉ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မန်စီမြို့တောင်ဘက်တစ် မိုင်ခန့်အကွာ တောင်ကုန်းများပေါ်တွင် တပ်စွဲနေရာယူထားသော KIA အဖွဲ့နှင့် တပ်မတော်တို့ စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ ၂၈ ရက်နေ့အထိ တိုက်ပွဲပေါင်း လေးကြိမ် ဖြစ်ပွားခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

“ပြီးခဲ့တဲ့လတုန်းက မြို့ထဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်တာတော့ မှန်တယ်။ အဲ့ဒါကို ဘယ်သူလုပ်တယ် ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ဒေသလုံခြုံမှုမရှိလို့ အကူအညီတောင်းတယ် ဆိုတာတော့ မဟုတ်ဘူး။ ဒေသခံတွေက တပ်မတော်ကို တောင်းဆိုတာလည်း မရှိဘူး” ဟု မန်စီမြို့ ဒေသခံတစ်ဦးက တပ်မတော်၏ သတင်းထုတ်ပြန်ချက်အပေါ် တုံ့ပြန်ပြောကြားသည်။

လက်ရှိအချိန်အထိ မန်စီမြို့တွင် ရောက်ရှိနေသည့် တပ်မတော်ဘက်မှ တာဝန်ရှိသူများ အနေနှင့် ဒေသခံများကို ခေါ်ယူတွေ့ဆုံ၍သော် လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှသော် လည်းကောင်း တစ်စုံတစ်ရာ သတိပေးအကြောင်းကြားခြင်းများ မရှိသေးဘဲ မြို့တွင်းရှိ အဓိကလမ်းတချို့ကို သွားလာခွင့်ပိတ် ပင်ထားသည်ဟု ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ သဘောကတော့ မြို့ထဲမှာ တပ်စွဲထားတာ မဖြစ်သင့်ဘူး။ သူတို့အချင်းချင်း ပစ်တာ ကိစ္စမရှိဘူး။ နေ့စဉ် သေနတ်သံတွေကြောင့် ဒေသခံတွေမှာ စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်။ တချို့ဆို ကိုယ်အိမ့်ကိုယ်တောင် မနေရဲကြတော့ဘူး” ဟု မန်စီမြို့ ဒေသခံတစ်ဦး ဖြစ်သူ ဦးလဒွဲက ပြောကြားသည်။

မန်စီမြို့ပေါ်တွင် တပ်မတော်က တပ်စွဲထားခြင်းကို ပြောင်းရွှေ့ပေးရန် မြို့ပေါ်ရှိ ဒေသခံများက ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှတစ်ဆင့် ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ စက်တင်ဘာ ၂၈ ရက်နေ့က တင်ပြထားကြောင်း ဒေသခံ ဦးလဒွဲက ဆက်လက်ပြောကြားသည်။

ထို့အပြင် မန်စီမြို့နယ်အတွင်းရှိ မိုင်းခေါင်ဒေသတွင်လည်း တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ အိမ်ထောင်စုပေါင်း ၆၀ ကျော်မှာ မိုင်းခေါင်စစ်ဘေးရှောင် စခန်းတွင် ခိုလှုံနေကြရပြီး ဒေသခံ ၂၃ ဦးမှာလည်း တိုက်ပွဲဖြစ်သည့် နေရာတွင် လက်ရှိအချိန်ထိ ပိတ်မိနေဆဲ ဖြစ်သည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါတိုက်ပွဲတွင် တပ်မတော်ဘက်မှ KIA တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပြီး မိုင်းခေါင်-မန်စီ ကားလမ်းမပေါ်တွင် တပ်မတော်စစ်ကြောင်းကို KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူများ ထိမှန်ခဲ့ကာ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သလို တပ်မတော်မှ စစ်သည်တစ်ဦးလည်း ကျဆုံးခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် KIA အဖွဲ့သည် လာမည့် အောက်တိုဘာလလယ်တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်များ ထိပ်သီးအစည်းအဝေးတွင် သဘောထား မှတ်ချက်ပေးထားသည်။

The Voice Weekly

0 comments:

Post a Comment