Wednesday, September 23, 2015

သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောကြသူများ - ကိုဘသိန်း (တပ်ဦး)


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး နီးလာသည်နှင့်အတူ နိုင်ငံရေး ပါတီကြီးတွေ၊ ပါတီငယ်တွေကလည်း မိမိတို့ မဲရရှိရေး၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ အနှံအပြား ပုံသဏ္ဍာန်မျိုးစုံဖြင့် မဲဆွယ် စည်းရုံးနေကြသည့် မြင်ကွင်းများကို တွေ့မြင်နေရချိန် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အင်အားကြီး သတင်းမီဒီယာ ဆိုသူတွေ၊ စစ်ရေး-နိုင်ငံရေး လေ့လာသုံးသပ်သူ ဆိုတာတွေ၊ လူမှုအဖွဲ့အစည်း အမည်ခံ ခေါင်းစဉ်တပ် ရပ်တည်နေကြသူတွေက မြန်မာ့နိုင်ငံရေးနဲ့ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ လက်ရှိ အခြေအနေအပေါ် ဝေဖန် သုံးသပ်ချက်လိုလို၊ သြဇာပေး ဆရာကြီး လုပ်သလိုလို၊ ပုဂိ္ဂုလ်ရေး ဝေဖန်အပုတ်ချသလိုလို ရေးသား ဖော်ပြချက်တွေကို ဂျာနယ် စာမျက်နှာတွေပေါ်၊ လူမှုကွန်ရက် စာမျက်နှာပေါ်တွေမှာ အရှိန်အဟုန်နဲ့ ရေးသားလာကြတာကို တွေ့လာခဲ့ရပါတယ်။

အာဏာရှင်ခေတ်၊ အမှောင်ခေတ်ထဲတုန်းက လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့် မရခဲ့ကြလို့ အခုလို ပွင့်လင်းမြင်သာမှု နည်းနည်းပါးပါး ရလာတဲ့ခေတ်မှာ အားမနာတမ်း “ကိုယ်ကမှန်ပြီး ကျန်တဲ့သူတွေ အားလုံး မှားနေပါတယ်” ဆိုတဲ့ ဝေဖန်ပြောဆိုရေးသားမှုတွေ တွေ့ခဲ့ကြရပါတယ်။ ပြီးတော့ ထုံးစံအတိုင်း လွတ်လပ်ရေးတောင် မရသေးခင်၊ လမ်းမပေါ် ဆေးရိုး တက်လှမ်းခဲ့ကြတဲ့ သူတွေလို အပြုသဘော ဝေဖန်အကြံပြုတာမျိုး မဟုတ်ဘဲ၊ ငယ်ကျိုး ငယ်နာတွေဖော်ကြ၊ ကလေးဘ၀တုန်းက ဂေါ်လီရိုက်တုန်းက ငြင်းခုန်ညစ်ပတ်ခဲ့ကြတဲ့ အကြောင်းတွေ ပြန်ဖော်ကြ၊ သူများ မကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေချည်း ရေးသားလာကြလို့ ပြည်သူတွေအဖို့ တိုင်းပြည်အတွက် အရေးကြီးတဲ့ အပြောင်းအလဲ ရွေးကောက်ပွဲ အခြေအနေမျိုးမှာ ယခုလို ရေးသားဝေဖန် ပြောဆိုလာသူများကို တအံတသြကြီးစွာ တွေ့နေကြပြန်ပါတယ်။

အဲဒီလို ဆရာကြီးလုပ်ပြီး မြန်မာ့နိုင်ငံရေးကို သုံးသပ်ဝေဖန် နေသူတွေ၊ နိုင်ငံရေး ခေါင်းဆောင် ကျောင်းသား ခေါင်းဆောင် စာပေနဲ့ အနုပညာနယ်ပယ်က ထင်ရှားသူတွေကို အမနာပ ပြောဆိုဝေဖန် နေသူတွေရဲ့ ဖြတ်သန်း ကြီးပြင်းလာကြတဲ့ သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုပြန်ရင် (၁) တချို့က ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး ကာလ ကိုယ့်အိမ်ရှေ့ လမ်းမကြီးပေါ် ကျောင်းသား ပြည်သူလူထုကြီး ဆန္ဒပြနေချိန်မှာ ခြင်ထောင်ထဲက မထွက်ရဲခဲ့တဲ့ သူတွေ၊ (၂) တချို့က ရှစ်လေးလုံး အရေးတော်ပုံ ကာလမှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး ဘာမှ မပစ်မခတ်တော့ဘူးဆိုတဲ့ အချိန်ကျ အများနည်းတူ ဝေလေလေပါလာပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင် လက်ထက်မှာလည်း အာဏာရှင်တွေနဲ့ ပေါင်းစားပြီး မှိန်းနေခဲ့ကြကာ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဖြစ်လာပြန်တော့ အာဏာရှင်ခေတ်ကြောင့် ချမ်းသာ ကြွယ်ဝလာမှုတွေကို အသုံးချပြီး ငွေနဲ့လမ်းခင်း ဆရာကြီး လုပ်လာသူတွေ၊ (၃)တချို့က အာဏာရှင်ခေတ်မှာ အဘ အဘ လုပ်ခဲ့ကြကာ အခုမှ အမ အမ လုပ်လာကြသူတွေ၊ (၄) တချို့က ၁၉၈၈ တုန်းကတောင် မမွေးဖွားသေးပဲ ၁၉၈၈ခုနှစ် နောက်ပိုင်းမှ မွေးလာခဲ့ပြီး မြန်မာ့နိုင်ငံရေး ဝေဖန်သုံးသပ် ဆောင်းပါးရှင်ဆိုတဲ့ ခေါင်းစီးကြီးကြီး တပ်ပြီး ရပ်တည်နေသူတွေ အဲဒီလိုလူတွေက ပွင့်လင်းမြင်သာ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့် အတိုင်းအတာလေး တစ်ခုအပေါ် အခွင့်ကောင်းယူပြီး ခေတ်အဆက်ဆက်မှာ ဘ၀တွေပျက်၊ အသက်တွေဆုံးရှုံး၊ မိသားစုတွေ ပြိုကွဲခံပြီး မြန်မာနိုင်ငံရေးကို အပြောင်းအလဲ ဖြစ်စေချင်သူတွေ၊ ကိုယ်ကျိုးစွန့် အနစ်နာ ခံခဲ့သူတွေကို ကဲ့ရဲ့ရှုံ့ချ ဝေဖန်ပြောဆိုနေမှုများကို အများအပြား ဖတ်ရှုတွေ့မြင်လာရပါတယ်။

အာဏာရှင်တွေဆီက လုပ်ကိုင်ခွင့်တွေ၊ ပါမစ်တွေ အကြိမ်ကြိမ်ယူ အာဏာရှင်တွေကို အဘ အဘဆိုကာ ဘုရားလို ကိုးကွယ်ခဲ့နေချိန်မှာ စစ်မှန်ရိုးသားတဲ့ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်နဲ့ စာပေ အနုပညာသမား ထင်ရှားသူ တချို့မှာတော့ အကျဉ်းထောင်တွေထဲမှာ မိကွဲဖကွဲ ဒုက္ခရောက်နေကြရဆဲ အချိန်ပါ။ တချို့သော သူတွေဟာလည်း မြန်မာပြည်နယ်စပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ စခန်းတွေမှာ ဆင်းဆင်းရဲရဲ ဒုက္ခတွေရောက်ကြ၊ ငှက်ဖျားရောဂါ စတာတွေကြောင့် အသက်တွေ ဆုံးရှုံးနေကြရချိန်ပါ။

အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ဖြစ်လာပြန်တော့ အာဏာရှင်ခေတ်ကြောင့် ချမ်းသာ ကြွယ်ဝလာမှုတွေကို အသုံးချပြီး ငွေနဲ့လမ်းခင်းပြီး အဘခေတ်ကနေ၊ အမခေတ်ဖြစ်ပြီး ပြေးကပ်ခဲ့ကြပြန်ပါတယ်။ ပိုဆိုးတာက အဲဒီလူတွေက ၁၉၈၈ခုနှစ် ကနေ ယနေ့ကာလအထိ မဆုတ်မနစ် တိုင်းပြည်အတွက် ဘ၀တွေ အပျက်စီးခံ၊ အကျဉ်းကျခံခဲ့သူတွေ အပေါ် ငွေကြေးအင်အားကို မလျော်မညီ အသုံးပြုပြီး အမနာပ ဝေဖန် ‘တိုက်ခိုက် ရေးသားမှုများ လုပ်ဆောင်လာကြခြင်း ဖြစ်ပါတယ်။ သေချာတာက သူတို့တွေ တချိန်က အာဏာရှင်တွေ၊ စစ်ထောက်လှမ်းရေးတွေနဲ့ ပတ်သက်ဆက်နွယ်ခဲ့ပြီး ယခုကာလမှာ အရေချုံ အသွင်ပြောင်းခဲ့မှု ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ခံလိုက်မှာ ကြောက်ရွံပြီး မရိုးမသား အကွက်ရွှေ့လာမှု တစ်မျိုးသာ ဖြစ်တယ်လို့ ထင်မြင် ယုံကြည်မိပါတယ်။

ဥပမာအားဖြင့် ဘောလုံးကိုထိအောင် မကန်တတ်တဲ့သူက ဘောလုံး အားကစားအကြောင်း ဝေဖန်နေသလို မြန်မာ့နိုင်ငံရေး ဖြစ်စဉ်သမိုင်းတလျှောက် ဘယ်နေရာကမှ ထိထိရောက်ရောက် လက်တွေ့ မပါဝင်ခဲ့သူတွေက မြန်မာနိုင်ငံရေး အပြောင်းအလဲကို ခေါင်းစဉ်တပ်ပြီး ဝေဖန် သုံးသပ်ချက်တွေ ရေးသားနေမှုက အံသြစရာပါ။

ပိုဆိုးတာက ပုဂ်္ဂိုလ်ရေး ဝေဖန်အပုတ်ချမှုပါ။ ကိုယ်ကိုယ်တိုင်က အာဏာရှင်နဲ့ ပုလင်းတူဘူးဆို့ လုပ်ခဲ့ပြီး၊ အာဏာရှင် စနစ်ကြောင့် ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရသူတွေ၊ မိသားစုဘ၀ ပျက်ခဲ့ကြသူတွေကို အာဏာရှင်စနစ် ထောက်ခံ အားပေးနေသူတွေအဖြစ် ခေါင်းစဉ်တပ် စွပ်စွဲ ပြောဆိုနေကြပြန်ပါတယ်။

ဒါ့အပြင် တချို့ကလည်း ၁၉၈၈တုန်းက မမွေးဖွားသေးပဲ ၁၉၈၈ခုနှစ် နောက်ပိုင်းမှ မွေးလာကြပြီး နို့နံတောင် မစင်တဲ့ သူတွေ မြန်မာ့နိုင်ငံရေး ဝေဖန်သုံးသပ်ဆောင်းပါးရှင် ဆိုပြီး ခေါင်းစီးကြီးကြီးတပ်လို့ သမိုင်းကြောင်း အစဉ်အလာနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်နဲ့ စာပေ အနုပညာသမား ထင်ရှားသူ တချို့ကို အချိန်ကိုက် ဝေဖန်ရေးသား ပြောဆိုလာကြပြန်ပါတယ်။ သူတို့ မမွေးဖွားခင် ကတည်းက တိုက်ပွဲ ၀င်ခဲ့ကြသူများကို စကားလုံးအကြီးကြီးတွေ၊ သီအိုရီ သဘောတရား ခေါင်းစဉ် အကြီးကြီးတွေနဲ့ ပြစ်တင်လာခဲ့ကြပြန်ပါတယ်။ သူတို့ ဝေဖန်ရေးသားချက်များကို လေ့လာကြည့်ရင်လည်း အပြုသဘော မဆောင်ပဲ အပျက်သဘော ဆောင်နေတာ များစွာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေကို သွေးထိုး မြှောက်ပင့်ပေးလိုက်၊ တပ်မတော်ကို ရန်တိုက်ပေးလိုက်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖျက်လိုဖျက်ဆီး ရေးသားနေတာမျိုး ဖြစ်နေကြပါတယ်။ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ အရေးအကြီးဆုံး အုတ်မြစ်ဖြစ်တဲ့ အားလုံးပါဝင်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အပေါ် အပြုသဘောဆောင်ခြင်းထက် အပျက်သဘောဆောင် ရေးသားခြင်းများ ပြုလုပ်လာကြပါတယ်။ အဲဒီလို ဝေဖန်ရေးသား ပြောဆိုနေသူတွေကို လေ့လာကြည့်လိုက် ပြန်ပါကလည်း မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှု သမိုင်းစဉ်မှာ ဘယ်နေရာကမှ ဘယ်တုန်းကမှ မပါခဲ့ကြသူတွေ ဖြစ်နေကြပြန်ပါတယ်။ ရှင်းရှင်းပြောရရင် ဘေးထိုင် ဘုပြောပြီး ကိုယ်ကိုယ်တိုင် ကြည့်လိုက်ပြန်လည်း ဘာမှမဟုတ်သူတွေရဲ့ ပြောဆို ရေးသားချက်များ စာမျက်နှာတွေပေါ်မှာ နေရာယူနေတာ တွေ့မြင်နေရပါတယ်။

ဒါ့အပြင် ပြည်ပနိုင်ငံက ငွေကြေး အထောက်အပံတွေနဲ့ လူမှုအဖွဲ့အစည်း ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို ရှုပ်ထွေးမှုများ ဖြစ်လာအောင် ကြံစည်နေကြသူ တချို့ကလည်း ပါဝင်ပတ်သက် လာကြပြန်ပါတယ်။ သူတို့က ပြည်ပထောက်ပံသူတွေ အမြင်မှာ သူတို့ကို မြန်မာ့နိုင်ငံရေး သြဇာရှိသူအဖြစ် မြင်စေချင်တဲ့အတွက် ယနေ့ အစဉ်အလာရှိတဲ့ ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်နဲ့ စာပေအနုပညာသမား ထင်ရှားသူတချို့ကို အပုတ်ချဝေဖန်မှုများ အချိန်ကိုက် အားပေးအားမြှောက် မီးထိုးလာကြပြန်ပါတယ်။

အထက်ပါ အချက်အလက် ဖြစ်စဉ်များအပေါ် သုံးသပ်ကြည့် မည်ဆိုပါက လက်ရှိ နိုင်ငံရေး ဖြစ်စဉ်မှာ ဘယ်တုန်းကမှ ဘယ်နေရာမှ မပါခဲ့ပဲ အခုမှ မောင်ဦး အခေါ်ခံချင်ကြတဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ အမှန်တကယ် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ သူတွေကို မကောင်းပြော ဝေဖန်လိုက်ရင် နာမည်ကြီးမယ်၊ နေရာရလာမယ်ဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓာတ်မျိုးတွေလို့ ရှုမြင်မိပါတယ်။

နိဂုံးချုပ်အားဖြင့် သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ရေးနေ ပြောနေကြသူများကို တိုက်တွန်းလိုသည်မှာ မိမိတို့ကိုယ်တိုင် တချိန်က အာဏာရှင်တွေ၊ စစ်ထောက်လှမ်းရေးတွေနဲ့ ကင်းရှင်းခဲ့ကြသလား၊ သူတို့ဆီက အကျိုးစီးပွားတွေ အခွင့်အရေးတွေ မယူပဲ နေခဲ့ကြသလား၊ သိန်းကျော်တန်ကားကြီး စီးပြီး နိုင်ငံရေး ဗိသုကာဆန်ဆန် ဝေဖန်ရေး လုပ်နေကြတာ မိမိတို့ အကျိုးစီးပွားတွေကရော အာဏာရှင်တွေနဲ့ ကင်းရှင်းရဲ့လားဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြပါ။ သူများကို လက်ညိုးတစ်ချောင်း ထိုးနေချိန်မှာ မိမိတို့ဘက်ကို လက်သုံးချောင်း ထိုးစရာ ပြောစရာတွေ ရှိနေတယ်ဆိုတဲ့ ရှေးက လူကြီးသူမများ စကားကို မမေ့ကြပါနဲ့။ ညောင်မြစ်တူးတိုင်း မကောင်းပါ၊ ပုပ်သင်ဥတွေ ပေါ်လာတတ်ပါတယ်။

ယနေ့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာ ရိုးသားကြပါ။ မိမိတို့ထက် ကိုယ်ကျိုးစွန့် အနစ်နာ ခံခဲ့သူတွေအပေါ် စိတ်ကောင်း စေတနာကောင်း ထားကြပါ ၊ လေးစားမှုရှိကြပါလို့ တိုက်တွန်းပါရစေ။ ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်မှုများ၊ အမနာပ အဟုတ်မဟပ် ပြောဆို ဝေဖန်ခံနေကြရသူ ကျောင်းသား ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်နဲ့ စာပေအနုပညာသမား ထင်ရှားသူတချို့ အနေနဲ့လည်း မိမိတို့ ဖြတ်သန်းခဲ့ကြတဲ့ ရိုးသားဖြူစင် မြင့်မြတ်သည့် သမိုင်းကြောင်း အစဉ်အလာကောင်းများ အပေါ် ပြည်သူ တစ်ရပ်လုံးက သိရှိနားလည်ပြီး ထောက်ခံ အားပေးလျက် ရှိနေပါကြောင်း တိုက်တွန်းရင်း “ခွေးဟောင်တိုင်း ထ မကြည့်ကြပါနဲ့၊ အိပ်ရေးပျက်မှာ စိုးလို့” ပါ။

ကိုဘသိန်း ( တပ်ဦး )
Tomorrow

0 comments:

Post a Comment