Tuesday, September 29, 2015

ငွေတစ်ရာ ပြန်တောင်းသော ခရီးသည်ကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ရိုက်နှက်

ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းရှိ ပန်းဆိုးတန်း ကားမှတ်တိုင်တွင် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီက အောင်သိဒ္ဓိ ခရီးသည်ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က ယာဉ်စီးခ ကျပ်တစ်ရာ ပြန်တောင်းသော အသက် ၅၇ နှစ်အရွယ် ခရီးသည် အမျိုးသားကို လက်သီးဖြင့် ထိုးကြိတ်ကာ တုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။“ယာဉ်စီးခ တစ်ရာကျပ်ပဲကျတဲ့ ခရီးကို နှစ်ရာကျပ်တန် ပေးထားတာကြောင့် ခရီးသည်က ပိုတဲ့တစ်ရာကျပ်ကို ပြန်ပေးဖို့တောင်းတာ၊ စပယ်ယာက ပြန်မအမ်းဘဲ ဆဲဆိုနေတာကြောင့် ခရီးသည်က ကားပေါ်ကဆင်းပြီး ဖုန်းနဲ့ကားကို ဓာတ်ပုံရိုက် တိုင်ကြားတာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က တုတ်နဲ့ ဆင်းရိုက်ခဲ့တာ” ဟု ကျောက်တံတား မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ရိုက်နှက်ခံရသူ ခရီးသည်မှာ ပန်းဘဲတန်းမြို့နယ်၊ ကုန်ဈေးတန်းလမ်းမှတ်တိုင်မှ တာမွေဘက်သို့ အောင်သိဒ္ဓိ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာကာ ယာဉ်စီးခ တစ်ရာကျပ်ကို ငွေနှစ်ရာကျပ်တန်ဖြင့် ပေးချေပြီး ပိုငွေပြန်တောင်းခဲ့ကြောင်း၊ ယင်းသို့ တောင်းခံစဉ် ယာဉ်မောင်းက ငွေနှစ်ရာကျပ်ကို ပြန်ပေးကာ ရင်ဘတ်ကို လက်သီးဖြင့် ထိုးကြိတ်ကာ ယာဉ်ပေါ်မှ အတင်းဆင်းခိုင်းခဲ့သောကြောင့် သက်ဆိုင်ရာဌာနသို့ တိုင်ကြားရန် ခရီးသည်အမျိုးသားက ယာဉ်ကို ဓာတ်ပုံရိုက်ယူနေစဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ နှစ်ဦးက ယာဉ်ပေါ်မှ ဆင်းလာပြီး တုတ်ဖြင့် ထပ်မံရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ခရီးသည်ကို မင်းမဲ့စရိုက်ဆန် ဆဲဆိုရိုက်နှက်ခဲ့လို့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်နှစ်ဦးကို အမှုဖွင့်ထားတယ် ဆိုပေမယ့် အသေးစိတ်ကို ကျွန်တော်တို့လည်း သေချာမသိရသေးဘူး၊ အမှုဖွင့်ခံထားရသူ နှစ်ယောက်ကို သွားရောက်စစ်ဆေးခံဖို့ သူတို့မိသားစုဝင်တွေဆီ လှမ်းအကြောင်းကြားထားပါတယ်။ ယာဉ်လိုင်းမှာရှိတဲ့ ယာဉ်မောင်းနဲ့ ယာဉ်အကူတွေကို ခရီးသည်တွေအပေါ် စိတ်ရှည်သည်းခံပြီး လေးစားစွာ ဆက်ဆံဖို့ နေ့စဉ် ညွှန်ကြားနေပါတယ်” ဟု အောင်သိဒ္ဓိယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသည်ကို ဆဲဆိုရိုက်နှက်မှု ကျူးလွန် ခဲ့သည့်ဟု တိုင်ကြားခံရသူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ နှစ်ဦးကို ကျောက်တံတား မြို့မရဲစခန်းမှ (ပ) ၂၄၀/၁၅၊ ပုဒ်မ ၃၂၃/၂၉၄ ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်သွားလာနေသော ခရီးသည်များမှာ ယာဉ်လိုင်းပေါင်းစုံမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံမှုနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများပါ ခံနေရသောကြောင့် သက်ဆိုင်ရာ ယာဉ်လိုင်းဌာနများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ရုံးထံသို့ နေ့စဉ်တိုင်ကြားမှုများ ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

0 comments:

Post a Comment