Friday, September 25, 2015

NLD ဘာတွေပြောသလဲ

ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ဒုတိယအများဆုံး ပါဝင်ယှဉ် ပြိုင်မည့် ပါတီကြီးဖြစ်သော NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းသည် မူဝါဒဆိုင်ရာ ကြေညာချက် ဖြစ်သောကြောင့် မဖြစ်မနေ သုံးသပ် ရေးသားလိုက်ပါသည်။


(၁) NLD သည် နိုင်ငံ့အာဏာကိုရမည်၊ ရွေးကောက်ပွဲတွင် မဲအများစုရမည်ဟု တွက်ထားသည်။

ကျွန်တော့်အမြင်တွင် NLD သည် အခြားသောပါတီများထက် မဲပိုရမည်ဟု သဘောပေါက်သည်။ အစိုးရဖွဲ့နိုင်သော မဲ၊ တစ်နည်း ကိုယ်စားလှယ် အရေအတွက် သူတစ်ဖွဲ့တည်း ရနိုင် မရနိုင်မူ မပြောနိုင်။ သို့သော် ကိုယ်ကိုယ်တိုင် အစိုးရ မဖွဲ့နိုင်လျှင်လည်း မဟာမိတ်ဖွဲ့ပြီး အစိုးရ ဖွဲ့နိုင်သေး သည်။ NLD အစိုးရဖွဲ့နိုင်၊ မဖွဲ့နိုင်သည် ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲ အပြီးကာလ လိမ္မာပါးနပ်မှုအပေါ် မူတည်သည်။ ရွေးကောက်ပွဲ အကြိုကာလတွင် NLD သည် မဲများများရရေး လုံးပန်းရမည် ဖြစ်သည့်အတွက် အခြားပါတီများ၊ အဖွဲ့အစည်းများထက် မိမိကိုမဲရအောင် စည်းရုံး နေသည်ဖြစ်ရာ မိတ်ဆွေများကို ချသလိုဖြစ်ပြီး မိတ်ပျက်နိုင်သည်။ တစ်ဖန် ရွေးကောက်ပွဲအပြီး မဲအခြေအနေပေါ် မူတည်ပြီး လွှတ်တော်တွင်း မဟာမိတ်ဖွဲ့ရမည် ဖြစ်ရာ ရွေးကောက်ပွဲအကြိုတွင် မိတ်ပျက်ထားလျှင် ရွေးကောက်ပွဲအလွန် မိတ်ဖွဲ့ရာတွင် အခက်အခဲများ တွေ့နိုင်သည်။ ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသား ပါတီတို့နှင့် ဆက်ဆံရေး၊ ရွေးကောက်ပွဲ မဝင်သော်လည်း အစိုးရအဖွဲ့နှင့် လွှတ်တော်တွင်းတွင်ရော ပြင်ပတွင်ပါ အင်အားကြီးသော တပ်မတော်နှင့် ဆက်ဆံရေးတို့သည် NLD အတွက် ရွေးကောက်ပွဲ အကြိုတွင်ရော ရွေးကောက်ပွဲ အလွန်တွင်ပါ အရေးကြီးသည်။

(၂) မူဝါဒစာတမ်းသည် ကျေနပ်ဖွယ်

ရွေးကောက်ပွဲ ကြေညာစာတမ်း ပြုစုရာတွင် NLD သည် ပြည်တွင်း ပြည်ပမှ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အားထုတ်ထားသည်။ ပါသင့်ပါထိုက်သော အကြောင်းအရာများ ပါဝင်ပြီး သာမန်လူများ ဖတ်နိုင်အောင် ရေးသားထားသည်။ ပြိုင်ဘက် USDP ကအလားတူ ကြေညာစာတမ်း ထွက်လာပါက နှိုင်းယှဉ် ဖတ်ရှုသင့်သည်။

(၃) အကောင်အထည်ဖော်နိုင်စွမ်း

ကြေညာစာတမ်းကို ဖတ်အပြီး ပေါ်လာသည့် အကြီးမားဆုံးမေးခွန်းမှာ ယခုဖော်ပြထားသော မူဝါဒများ၊ ရည်မှန်းချက်များကို NLD သို့မဟုတ် အခြားအစိုးရတစ်ရပ် အနေဖြင့် သက်တမ်းငါးနှစ်အတွင်း ‘အကောင်အထည် ဖော်နိုင်မည်လား’ ပင်။ ခေတ်နောက်ကျခဲ့သော ပညာရေးစနစ်၊ အစိုးရ ယန္တရားအတွက် ခေါက်ရိုးကျိုးနေသော အလေ့အကျင့်များ၊ လိပ်ခဲတည်းလည်း ပြည်တွင်းစစ်၊ အရည်အချင်းမြင့် လူသားတို့ နည်းပါးခြင်း၊ ဂိုဏ်းဂဏအစွဲ စသည့် သောင်းခြောက်ထောင်သော ပြဿနာများကို မည်သို့ကျော်လွှားမည် ဆိုသည်ကို NLD တွင်းမှ အဓိကပုဂ္ဂိုလ်များ စဉ်းစားထားကြရမည်။ NLD အထူးသဖြင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် မျှော်လင့်ချက် မြင့်မားကြရာ NLD သည် မဲများများရရန် အတွက် ရွေးကောက်ပွဲမတိုင်မီ ယင်းမျှော်လင့်ချက်ကို ဆွဲတင်ပြီး မဲများများရလျှင် ရွေးကောက်ပွဲပြီးသည်နှင့် ယင်းမျှော်လင့်ချက်ကို အသာပြန် ဆွဲချထားရန်လိုမည်။

(၄) တောင်သူလယ်သမား အလုပ်သမား လူငယ်အမျိုးသမီး

ရွေးကောက်ပွဲ အကြိုကာလတွင် ထွက်ပေါ်လာသည့် ကြေညာချက် စာတမ်းပီပီ မဲဆန္ဒရှင် အုပ်စုများဖြစ်သည့် တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်နှင့် အမျိုးသမီးအရေးတို့ကို ခေါင်းစဉ်သီးသန့်ပေး ဖော်ပြထားပြီး ထိုအုပ်စုများကို မဲဆွယ်ထားသည်။

(၅) လယ်ယာနှင့် တောင်သူလယ်သမား၊ မွေးမြူရေးတို့ကို အလေးပေး ဖော်ပြထားသည်။

(၆) ရည်ရွယ်ချက် အများအပြားသည် လက်ရှိအစိုးရ ပြောဆိုနေသော ရည်မှန်းချက်များနှင့် ဆင်သည်။ ထို့ကြောင့် ‘အကောင်အထည် ဖော်ပုံဖော်နည်း’ နှင့် ‘စွမ်းဆောင်နိုင်မှု’ တွင် NLD က မည်သို့မည်ပုံ ထူးခြားအောင် ဆောင်ရွက်မည်ကို နောက်ပိုင်းတွင် တိတိကျကျ ရေးသားဖော်ပြ ရှင်းလင်းရန်လိုသည်။

(၇) တပ်မတော်နှင့် ပတ်သက်သော ရည်မှန်းချက်အများစုမှာ တပ်မတော် လက်ရှိခေါင်းဆောင်များ ပြောဆိုသော လမ်းကြောင်းနှင့် ကိုက်ညီသည်။

‘တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေး ယန္တရား တစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင် တစ်ရပ်လုံးထဲတွင်သာ တည်ရှိရန် ဦးတည်ဆောင်ရွက်မည်’ ဟူသောအချက် အရမူ တပ်မတော်သည် ယခုလောလောဆယ်တွင် ‘သီးခြား’ ရပ်တည်နေသည်ဟု NLD က သဘောပေါက်ပုံပေါ်သည်။ ထိုသို့ အုပ်ချုပ်ရေးမဏ္ဍိုင် တစ်ရပ်လုံးထဲတွင် တပ်မတော်ရောက်ရန် NLD မည်သို့ ဆောင်ရွက်မည်လဲ။ တပ်မတော်ခေါင်းဆောင်များနှင့် NLD တို့ ယုံကြည်မှု မတည်ဆောက်နိုင်သေးဘဲ ထိုသို့ ဆောင်ရွက်နိုင်မည်လား။

(၈) တရားစီရင်ရေး

‘ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး ဖြစ်သည်’ ဟူသောအပိုဒ်မှာ ရုတ်တရက်ကြည့်လျှင် လက်ရှိအခြေအနေ အတိုင်းဟု ယူဆရသော်လည်း လက်ရှိ အခြေခံဥပဒေနှင့် တိုက်ကြည့်လျှင် ‘နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တစ်ရပ်ထားရှိသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး ဖြစ်သည်’ ဟူသော ပုဒ်မ၂၉၄မှ ‘စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ’ ဟူသော စာသားကို ဖြုတ်သည့်သဘော။ အခြေခံဥပဒေ ဆိုင်ရာခုံရုံး မထားဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ယင်းခုံရုံး၏ တာဝန်များကို ပူးတွဲ ထမ်းဆောင်လေမည်လား။ စစ်ဘက်ဆိုင်ရာ တရားရုံးများ ကိုရော မည်သို့သဘောထားသလဲ။ အခြေခံဥပဒေတွင် ယင်းအချက်ကို ပြင်မှာလား။

‘အုပ်ချုပ်ရေးက တရားစီရင်ရေးအပေါ် လွှမ်းမိုးချုပ်ကိုင်မှု ကင်းရှင်း’ အောင် ဆောင်ရွက်မည် ဆိုသည်မှာ NLD သာ အာဏာရလျှင် NLD ကို ပြန်ကန့်သတ်မည့် ဆောင်ရွက်ချက်မျိုး ဖြစ်သည်။ မြန်မာ့သမိုင်း တစ်လျှောက် ဖျောက်မရသေးသော အစဉ်အလာ ဖြစ်သည့်အတွက် NLD က တကူးတက ထည့်သွင်း ရေးသားထားခြင်းသည် လက္ခဏာကောင်းဖြစ်သည်။ တရားစီရင်ရေး အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးမှုကင်းအောင် အုပ်ချုပ်ရေးအာဏာ ရလာမည့် NLD က မည်သို့ ဆောင်ရွက်မည်လဲ။

(၉) ‘ဝန်ကြီးဌာနများကို လျှော့ချသွားမည်’ ဟု ရေးသားထားသည်။ လက်ရှိ ဝန်ကြီးဌာနများသည် များလွန်းသည်ဟု ဝေဖန်ခံရသည်။ ဝန်ကြီးဌာန များကို လျှော့ချလိုခြင်းသည် ကြိုဆိုအပ်သည်။ သို့သော် ဝန်ကြီးဌာနများ ပေါင်းလိုက်သည့်အခါ တာဝန်ဝတ္တရား များလာသော ဝန်ကြီးဌာနတို့ကို ကိုင်တွယ်နိုင်မည့် လူတော်များ ခန့်ထားနိုင်ရန် လိုသည်။ သို့မှသာ နည်းနည်း နှင့် ကျဲကျဲဝိုင်းနိုင်မည်။ ဝန်ကြီးနေရာ နည်းသွားသည့်အတွက် NLD သာ အာဏာရပြီး ကိုယ့်လူများအား ဆုပေးလိုလျှင် ခန့်ထားနိုင်သည့် ဝန်ကြီး နေရာလျော့သွားမည်။

‘အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်း ဖော်ဆောင်မည်’ ဟု စာတမ်းတွင် ဖော်ပြထားသည်။

အဂတိတရားများ ကြီးစိုးသော မြန်မာနိုင်ငံတွင် အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်း ဖော်ဆောင်မည် ဆိုသည်မှာ အလွန်အရေးကြီးသော၊ ထားသင့်ထားအပ်သော ရည်မှန်းချက်ဖြစ်သည်။ သို့သော် အရိုးစွဲ အမူအကျင့်ကို ပြင်ရန်မှာ လွယ်ကူမည့် အလုပ်မဟုတ်။ NLD အနေနှင့် ‘ကျေးဇူးခံ ကျေးဇူးစား နည်းပါးမည်’ ဟု ယူဆမိသော်လည်း ပထမတစ်နှစ် ၂ နှစ် ကျော်သည့်အခါ ‘ကျေးဇူးခံ ကျေးဇူးစားများ’ ရှိလာနိုင်သည့်အတွက် ထိုခံယူချက်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းထားရန်၊ ဖောက်သူရှိက မျက်နှာစိမ်း မျက်နှာကျက်မရွေး အရေးယူရန်၊ လူ့အသိုင်းအဝိုင်းတွင် အဂတိတရား ကင်းစင်အောင် ခေါင်က မိုးလုံမည့်၊ အစိုးရအတွင်း အဂတိတရား ကင်းစင်စေမည့် အစီအမံများ ခပ်မြန်မြန် အကောင်အထည် ဖော်နိုင်မှသာ။ အဂတိကင်းစင်ခြင်းသည် ဒီမိုကရေစီစစ်ခြင်းနှင့် မဆိုင်၊ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သော အိန္ဒိယတွင် အဂတိ ပေါများသလောက် အာဏာရှင်နိုင်ငံဟု ရည်ညွှန်းခံရသော စင်ကာပူတွင် အဂတိ နည်းလှခြင်းကို သတိပြုရမည်။

(၁၀) ‘အခြေခံဥပဒေက အာမခံထားသော အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်၍ ခေတ်နှင့်အညီ မြှင့်တင်သွားမည်’ ဟူသော အချက်အရ လက်ရှိ အခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခွင့်အရေးများကို NLD က သဘောတူသည်။

(၁၁) ‘ဗဟိုဘဏ်ကို ‘အမှန်တကယ်’ သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုမည်’ ဟူသောအချက်တွင် ‘အမှန်တကယ်’ ဆိုသော စကားလုံးမှာ ထူးခြားသည်။ လက်ရှိဗဟို ဘဏ်သည် ‘အမှန်တကယ်’ သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် မရှိသေးဟု NLD က သဘောပေါက်သည်။ ဗဟိုဘဏ်ကို နိုင်ငံရေးပါတီများ၊ အစိုးရ၊ လွှတ်တော်စသော နိုင်ငံရေးအင်အားစုများ၏ လွှမ်းမိုးခြင်းမှ ကာကွယ်ပေးထားခြင်းသည် ဖြစ်သင့်သော မူဝါဒ။ သို့သော် ရွေးကောက်ပွဲ နီးလာလျှင် နိုင်ငံရေးသမားများ၊ အထူးသဖြင့် အာဏာရ နိုင်ငံရေးသမားများသည် ဗဟိုဘဏ်ဘက်သို့ လက်လှမ်းတတ်ကြသည့် အစဉ်အလာကို ဖျောက်နိုင်မည်လား။

(၁၂) ‘ငွေကြေးတည်ငြိမ်မှု ရှိစေရေး၊ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် များနှင့် တောင်သူလယ်သမားများ အပါအဝင် ပြည်သူများ၏ ရင်းနှီးငွေကြေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ငွေရေးကြေးရေး စနစ် ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်မည်’ ဟု ဖော်ပြထားသည်။

ယခုလတ်တလောတွင် ငွေကြေးတည်ငြိမ်မှု မရှိသည့်အတွက် ရိုက်ခတ်မှုများစွာ မြန်မာ့စီးပွားရေးတွင် ကြုံနေရသည့်အတွက် ငွေကြေးတည်ငြိမ်ရေးကို ထည့်သွင်းထားခြင်းသည် ကြိုဆိုဖွယ်။

မြန်မာနိုင်ငံတွင်း ကြီးငယ်မရွေး အထူးသဖြင့် အသေးနှင့် အလတ် စီးပွားရေးလုပ်ငန်းရှင်များ ကြုံနေရသည့် ပြဿနာကြီးမှာ အရင်းအနှီးရှားပါးခြင်း ဖြစ်သည်။ အရင်းအနှီး လွယ်ကူစေရန် လုပ်ဆောင်နိုင်သည့် တစ်နည်းမှာ ပြည်ပဘဏ်များထံမှ ပြည်တွင်းကုမ္ပဏီများ အရင်းအနှီး ရရှိစေခြင်း နည်းလမ်းဖြစ်ရာ ယခုလောလောဆယ်တွင် ပြည်တွင်းဘဏ်များက စိုးရိမ်နေသည့်အတွက် ပြည်ပဘဏ်များအဝင်ကို အစိုးရက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပုံရသည်။ NLD ကသာ ပြည်ပဘဏ်များနှင့် နည်းလမ်းရှာလျှင် ပြည်တွင်းဘဏ်များကို ကိုယ်စားပြုသော အကျိုးစီးပွားများ Business Interests နှင့် ထိပ်တိုက်တိုးဖွယ် ရှိသည်။ ယင်းဒဏ်ကို NLD ခံနိုင်မည်လား။

ခြုံပြောလျှင် NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းသည် အစိုးရ ဖွဲ့နိုင်လောက်သည့် ပါတီကြီးတစ်ရပ် ထံမှ ပြည်သူလူထု မျှော်လင့်ထားသင့်သော အချက်များ ပါဝင်သည့် စာတမ်းဖြစ်သည်။ ထိုစာတမ်း၏ နောက်ဆက်တွဲ မေးခွန်းနှစ်ရပ်မှာ (တစ်) NLD အာဏာရမလား၊ (နှစ်) အာဏာရလျှင် ထိုစာတမ်းပါ အချက်အလက်များကို အကောင်အထည် ဖော်နိုင်မည့် နည်းလမ်းများကို ရှာဖွေ၊ အကောင်အထည် ဖော်နိုင်မည်လား။

ဇေယျသူ
thevoicemyanmar.com

0 comments:

Post a Comment