မုဆိုးမကျေးရွာမှ ပြောင်းလာသူများကို ဖိုင်တူကျေးရွာတွင် တွေ့ရစဉ်/ဓာတ်ပုံ − ဂျေပိုင်
တစ်ရွာလုံးတွင်မှ အမျိုးသား သုံးယောက်သာ ကျန်ရှိတော့သဖြင့် ခမ်ဇန်ဆိုသည့် မူရင်းအမည် ပျောက်ကာ မုဆိုးမရွာဟု ခေါ်ဆို ကြတော့သည့် ရွာငယ်လေးတွင် ချင်းတိုင်းရင်းသူ ဒေါ်ဝုန်ညင်းကျိန် နေထိုင်သည်။
အသက် (၇၅) နှစ်ရှိပြီဖြစ်သည့် သားငါးဦးမိခင် ဖြစ်ခဲ့ဖူးသူ ဒေါ်ဝုန်ညင်းကျိန်သည် ယခုတော့ တစ်ကိုယ်တည်းသာ ကျန်ကာ ကိုယ့်ဝမ်းကိုယ် ကျောင်းနေရ သည်။‘‘အရင်တုန်းက ဒီရွာမှာ ယောက်ျားတွေရှိခဲ့ပါတယ်။ ဘိန်းစိုက်ခဲ့လို့ အခုလိုဖြစ်ခဲ့ရတာပါ။ လူတွေက မုဆိုးမရွာလို့ ခေါ်ကြပါတယ်။ ဒါကိုလည်း သိပါတယ်။ ဖြစ်နိုင်ရင် ဒီအဖြစ်အပျက်ကို မေ့ပျောက်ထားချင်တယ်’’ဟု ချင်းဘာသာစကားဖြင့် ဒေါ်ဝုန်ညင်းကျိန်က ပြောသည်။
၎င်းတို့ရွာကို ချင်းဘာသာစကားအရ ခမ်ဇန်ဟု ခေါ်သော်လည်း လူအများစုက မုဆိုးမရွာဟုသာ အလွယ်တကူခေါ်ဝေါ်ကြ တော့သည်။ အကြောင်းမှာ ၁၉၇၅ ခုနှစ်ဝန်းကျင်ကစလို့ ချင်းပြည် နယ်တစ်ခွင်တွင် ဘိန်းခင်းများပေါ်ထွန်းလာခဲ့ရာ ခမ်ဇန်ရွာသည် လည်း ဘိန်းစိုက်ပျိုးသည့်ရွာ ဖြစ်လာခဲ့သည်။
ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်အတူ ဘိန်းသုံးစွဲရာမှ ဘိန်း ကြောင့်ပင် ထိုကျေးရွာသားများ ဇီဝိန်ချုပ်ခဲ့ကြရသည်ဟု ဒေသခံများက ဆိုသည်။ ဘိန်းစေးကို ခြစ်၍ ရှူသည်။ ခပ်ပုံလုပ်၍ ရှူသည်။ အကြောထဲကို ထိုးသွင်းသည်စသဖြင့် ဘိန်းကို နည်းအသွယ်သွယ် ဖြင့် သုံးစွဲခဲ့ကြရာ ထိုရွာမှ အမျိုး ကောင်းသားများ သက်ဆိုးမရှည် ကြတော့ပါ။ အချိန်မတိုင်မီ လူ့ လောကမှ ဘိန်းကြောင့် စွန့်ခွာ သွားကြရသည်။ မုဆိုးမရွာဟုအ ခေါ်ခံရသည့် အခြားအကြောင်းအ ရာတစ်ခုကတော့ ရွာမှ အမျိုးသားများမှာ နိုင်ငံရပ်ခြားသို့ အလုပ်သွားလုပ်ခြင်းကြောင့် ဖြစ်သည်။
ယခုအခါ ရွာတွင် အိမ်ထောင်စု ၁၂ စုရှိကာ လူဦးရေ ၃၀ ကျော် ရှိသည့်အနက် ယောက်ျားလေး သုံးယောက်သာရှိတော့သည်။
ခင်ပွန်းဖြစ်သူက ဘိန်းကြောင့် အသက်ဆုံးရှုံးခဲ့သလို သားငါးယောက်စလုံးမှာလည်း တစ်နှစ်ပြီးတစ်နှစ် သေမင်းနောက်လိုက်သွားခဲ့ကြကာ ထိုအဖြစ်အ ပျက်ကို နှစ်ပေါင်းများစွာ ကြာ သည့်တိုင်အောင် ဒေါ်ဝုန်ညင်းကျိန်အတွက် အိပ်မက်ဆိုးတစ်ခုပမာ ဖြစ်နေဆဲ ဖြစ်သည်။
ယခုတော့ အသက် (၇၅) နှစ် အရွယ်ရောက်သော်လည်း ၀မ်းတစ်ထွာအတွက် တွန်းဇံမြို့သို့ တက်ကာ ချင်းအရက် (လိုင်မီး) ရောင်းချနေရသည်။
ထိုမုဆိုးမရွာသည် ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဆိုးရွားစွာမြေပြိုမှုဒဏ်ကိုခံစားခဲ့ရသည်။ မြေပြိုမှုများကြောင့် လူဦးရေ နှစ်သောင်းကျော် ဒုက္ခကြုံခဲ့ရသည့်အထဲတွင်လည်း ဒေါ်ဝုန်း ညင်းကျိန် ပါခဲ့ပြန်သည်။
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေဘေးကြုံ တွေ့ချိန်၌ ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များရောက်ရှိပြီး ကယ် ဆယ်ရေးနှင့် ထောက်ပံ့ရေးများ ဆောင်ရွက်နိုင်သော်လည်း တီး တိန်၊ တွန်းဇံမြို့နယ်များရှိ ဒုက္ခ သည်များကို တစ်လကျော်ကြာ သည့်တိုင် ကူညီထောက်ပံ့မှုများ မရောက်ရှိခဲ့ပေ။
ထို့ကြောင့် ဒေါ်ဝုန်ညင်းကျိန် တို့အတွက် ဒုက္ခပင်လယ်ဝေခဲ့ရ သည်။ ယခင်က ခမ်ဇန်ရွာသည် အိမ်ခြေအမြောက်အမြားရှိခဲ့သော် လည်း လက်ရှိတွင် အိမ်ထောင်စု ၁၂ စုသာရှိပြီး ရေဘေးကြောင့် အိမ်ကိုးလုံး ပြိုကျပျက်စီးခဲ့သဖြင့် အနီးအနားရှိ ဖိုင်တူရွာ၌ မှီခိုနေရသည်။
‘‘ဒီမှာက စားဖို့သောက်ဖို့ ဖိုင်တူက ကျွေးထားပါတယ်။ ဒါပေမဲ့ ဘယ်မှာနေရမယ်ဆိုတာ မသိ သေးဘူး။ ဘာလုပ်စားရမယ်ဆို တာလည်း မသိသေးဘူး။ ဒီမှာနေ တာ ကြာနေပြီ’’ဟု ခမ်ဇန်မှ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။
တွန်းဇံမြို့နယ်အတွင်း တောင်ယာလုပ်ငန်းကို စွန့်လွှတ်ပြီး ဘိန်းစိုက်ပျိုးခြင်းနှင့် သားသမီးများကို နိုင်ငံခြားသို့ အလုပ်လုပ်ကိုင်ရန် စေလွှတ်ခြင်းသာ များပြားလာကြောင်း တွန်းဇံမြို့ခံလူငယ်မောင်စွမ်းခိုင်က ပြော သည်။
ဘိန်းစိုက်ခြင်းသည် တွန်းဇံ မြို့နယ်တွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလာလျက်ရှိသည်။
မြို့နယ်ရဲစခန်း၏ စာရင်းများ အရ ၁၉၉၇-၉၈ ဘဏ္ဍာရေးနှစ် တွင် ဘိန်းခင်း ၁၉ ဧကခန့် ဖျက် ဆီးနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ၆၈၄ ဧကနှင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဧက ၆၆၀ ကျော်ကို ဖျက်ဆီးခဲ့သည်။ ယင်းပမာဏကို တွက်ချက်ကြည့်လျှင် တွန်းဇံမြို့နယ်၌ ၁၇ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု မြင့်တက်လာသည်ကို တွေ့မြင်နိုင်သည်။
သို့သော် ယင်းစာရင်းပမာဏ များသည် ရဲဌာနလက်လှမ်းမီရာ ဖြစ်ပြီး ရဲဌာနလက်လှမ်းမမီသော နေရာများတွင် ဘိန်းစိုက်ပျိုးခြင်းကို လုပ်ကိုင်နေကြဆဲ ဖြစ်သည်။
‘‘အဓိကရွာတွေကလည်း စိုက်ကြတယ်။ လေသာတောင် ကြောမှာဆို ကလေး၊ တမူးဘက် က တက်စိုက်တဲ့ သူတွေလည်းရှိတယ်။ သူဌေးတွေက ငွေစိုက်ထုတ်ပေးတယ်။ တောင်သူက စိုက်ပေးတယ်’’ဟု တွန်းဇံမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။
ဘိန်းပင်များ အကောင်းဆုံး ဖြစ်ထွန်းချိန် ဒီဇင်ဘာလတွင် ဘိန်းခင်းဖျက်ဆီးခြင်းကို လုပ်ဆောင် လေ့ရှိသည်။ ဘိန်းခင်းသာ ဖျက် ဆီးခဲ့သော်လည်း စိုက်ခင်းကို လူ နှင့် အတူမတွေ့ရှိ၍ ဘိန်းစိုက် သည့်သူကို အရေးယူနိုင်ခြင်းမရှိ ကြောင်း ၎င်းကဆိုသည်။
ဘိန်းစိုက်ခြင်းအပြင် ချင်း ပြည်နယ်ရှိ လူငယ်အများစုသည် ပြည်ပနိုင်ငံများသို့ အလုပ်ထွက်လုပ်ခြင်းကြောင့် ချင်းပြည်နယ်အတွင်း လုပ်အားတန်ဖိုးနှင့် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးနေခြင်းက အဓိက ကိုင်တွယ်ဖြေရှင်းရမည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။
တွန်းဇံမြို့နယ် အပါအ၀င် ချင်းပြည်နယ်အတွင်း၌ အလုပ်အ ကိုင်ရှားပါးခြင်းက ချင်းလူငယ်များပြည်ပသို့ ထွက်ကာ အလုပ်အကိုင်ရှာဖွေခြင်းကို အဓိကတွန်းအားတစ်ရပ်ဖြစ်စေသည်။
‘‘တွန်းဇံမှာ တောင်ယာလုပ်သူက အရမ်းရှားပါးတယ်။ လူငယ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်ခိုင်းတာများတယ်။ နိုင်ငံခြားက ရတဲ့ငွေက ဒီမြို့ရဲ့ အဓိကစီးပွားရေးဖြစ်နေပြီ’’ဟု ကိုစွမ်းခိုင်က ပြောသည်။
ဘိန်းကြောင့် ခမ်ဇန်ရွာရှိ ယောက်ျားသားများ သေဆုံးခဲ့သည်မှာ မှန်ခဲ့သော်လည်း လက်ရှိအချိန်တွင် ရွာရှိ လူငယ်လူရွယ်များ နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်အကိုင်အခွင့်အလမ်းအတွက် ထွက်ခွာခြင်းကလည်း သူမတို့၏ ရွာကို မုဆိုးမရွာဟု လူခေါ်ခံရ အောင် တွန်းပို့နေသည့် အချက် တစ်ချက်ဖြစ်သည်ဟု အသက် (၅၆) နှစ်အရွယ် ခမ်ဇန်ရွာသူ ဒေါ်မန်လမ်းညောင်က ပြောသည်။ ‘‘ဒီက လူတွေဘိန်းကြောင့် သေခဲ့ကြတာမှန်ပါတယ်။ ဒီရွာက လူငယ်တွေ ပြင်ပထွက်သွားတာကြောင့်လည်း ပါတယ်။ အခု မြေပြိုတဲ့အထဲပါသွားတော့ ရွာလည်းပျက်စီးသွားပြီ။ ဖြစ်နိုင်ရင်တော့ ရွာမှာပဲ ပြန်နေချင်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ ဘယ်မှာနေရမှန်းမသိသေးဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။ ဒေါ်မန်လမ်းညောင်အပါအ၀င် ခမ်ဇန်ရွာသားများသည် ၎င်းတို့၏ ရွာသမိုင်း ကြောင်းကို လူသိအောင် ပြောပြ လိုစိတ်မရှိပေ။
ရွာသားများ ဘိန်းစတင်စိုက် ပျိုးချိန်က ပြဿနာများများစားစားမရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဘိန်းစတင်သုံးစွဲခြင်းကြောင့် ပြ ဿနာများ စတင်ရောက်ရှိခဲ့လာ သည်။ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဖြစ်သည့် ချင်းပြည်နယ် ကို ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး၏ အဆိုအရ နှစ်စဉ်ပြည်နယ်ဖွံ့ဖြိုး ရေးအတွက် ကျပ်သန်းတစ်ထောင်အသုံးပြုခဲ့သော်လည်း ယခုနှစ်တွင် ရွေးကောက်ပွဲရှိသဖြင့် ကျပ်သန်းငါးရာအသုံးပြုမည်ဆိုသည်။
ယင်းငွေများကို သောက်သုံး ရေရရှိရေး၊ လယ်ယာမြေများ၊ ကျေးလက်မီးလင်းရေးနှင့် လမ်း ဖောက်လုပ်ခြင်းများအတွက် အသုံးပြုမည်ဟု ဆိုသည်။ ထို့ပြင် ပြည်နယ်အစိုးရက ယခုသဘာဝဘေးကြုံတွေ့ရသည့်အတွက် ပြည်ထောင်စုအစိုးရထံ ပြန်လည်ထူထောင်ရေးအတွက် ကျပ် ၂၇ ဘီလီယံ ထပ်မံတောင်းခံထားကြောင်း သိရသည်။
သို့သော် တီးတိန်နှင့် တွန်းဇံ မြို့နယ်များအတွင်း မြေပြိုမှုကြုံ တွေ့ခဲ့သည့်အချိန်တွင် ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခြင်းမရှိသေးဘဲ ဒုက္ခသည်များသည် ဖြစ်သလို နေထိုင်နေရကြောင်း တီးတိန်မြို့ခံ ကိုပေါင်က ပြောသည်။
ဒုက္ခသည်ပြန်လည်နေရာချ ထားရေးသည် လက်ရှိအချိန်တွင် အရေးကြီးဆုံးဖြစ်ပြီး ဒေသခံများ အတွက် အလုပ်အကိုင်အခွင့်အ လမ်းများ ဖန်တီးမပေးနိုင်ပါက လူ ငယ်လူရွယ်များ နိုင်ငံခြားသို့ ထွက်ပြီး အလုပ်လုပ်ကိုင်ကြသဖြင့် ခမ်ဇန်ရွာကဲ့သို့ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများသာရှိသည့် ရွာများထပ်မံတိုးပွားလာမည်ဖြစ်ကြောင်း ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးက ပြောသည်။
တွန်းဇံမြို့သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ငါးထောင်ခန့်တွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကြောင့် သွားလာရန် ခက်ခဲသောမြို့ဖြစ်ကာ တီးတိန်ချင်း၊ ဇိုနှင့် တာဒိုကွပ်ကီးချင်းများ အဓိကနေထိုင်ရာဒေသဖြစ်သည်။ လူဦးရေ နှစ်သောင်းကျော်နေထိုင်လျက်ရှိသည်။ ထိုလူဦးရေ နှစ်သောင်းကျော်၏ အနာဂတ်အတွက် အစိုးရအနေဖြင့် တစ်စုံတစ်ရာအရေးစိုက်မှုကို ဒေသခံများက ငံ့လင့်နေကြသည်။
7Day Daily
0 comments:
Post a Comment