Sunday, September 27, 2015

သမ္မတရဲ့ဆောင်ရွက်ချက် သမိုင်းတွင်ကြောင်း ကချင်ပြည်နယ် မဘသဥက္ကဌဆရာတော် မိန့်ကြား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာ စက်တင်ဘာလ ၂၆ ရက်နေ့ကပြုလုပ်တဲ့ အမျိုးစောင့်ဥပဒေအောင်ပွဲ ဂုဏ်ပြုအခမ်းအနားကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ပြည်ထောင်စုလွှတ်တော်က အမျိုးစောင့်ဥပဒေလေးရပ် အတည်ပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ သမိုင်းတွင်တဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ကချင်ပြည်နယ်လုံးဆိုင်ရာ မဘသအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဦးကဝိသာရက မိန့်ကြားလိုက်ပါတယ်။ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးစောင့် ဥပဒေအောင်ပွဲ ဂုဏ်ပြုအခမ်းအနားမှာ ပြည်နယ်လုံးဆိုင်ရာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆန်းကြွယ်ဆရာတော် ဘဒ္ဒ န္တ ဦးကဝိသာရက မိန့်ကြားလိုက်တာပါ။

"လွှတ်တော်မှာ ကန့်ကွက်မဲချည်း ပေးခဲ့ကြတာလည်းပဲ သူတို့ရဲ့သမိုင်း သူတို့ရေးတာပဲ၊ တာဝန်မရှိသလိုလိုနဲ့ ကြားနေမဲနေခဲ့တာလည်း သူ့တို့သမိုင်း သူတို့ရေးတာပဲ၊ အခက်အခဲမျိုးစုံကြားက သမ္မတကြီးကနေပြီးတော့ ရဲဝံ့တည်ကြည်စွာနဲ့ ဒီဥပဒေ ၄ ရပ်ကို အတည်ဖြစ်နိုင်ဖို့ လက်မှတ်ရေးထိုးပေးတာဟာလည်း သမ္မတကြီး ရဲ့သမိုင်းပဲ၊ အမျိုးဘာသာ သာသနာအတွက် အခက်အခဲမျိုးစုံကြားက လက်မှတ်ရေးထိုးပေးထားတဲ့ သာသနာပြု သမ္မတကြီးရဲ့သမိုင်းဟာလည်းပဲ သမ္မတကြီး သေသွားသော်လည်းပဲ ဒီင်္သမိုင်းဟာကျန်ရစ်မှာပါ"

ဒါ့အပြင် နိုင်ငံရေးဆိုတာ ထောင်ချောက်တွေများတဲ့အတွက် မိမိတို့ရဲ့ အမျိုးဘာသာသာသနာအတွက် အမျိုးသားနိုင်ငံရေးကိုသာ ဆောင်ရွက်ကြဖို့ ကချင်ပြည်နယ်လုံးဆိုင်ရာ မဘသ အဖွဲ့ရဲ့ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသကလည်း မိန့်ပါတယ်။

ဒီနေ့အခမ်းအနားကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ဟိုပင်၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း စတဲ့မြို့တွေက ရဟန်းရှင်လူပြည်သူ စုစုပေါင်း နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။


RFA

0 comments:

Post a Comment