Monday, September 14, 2015

မျိုးစောင့်ဥပဒေကို ကာကွယ်မည့် ကိုယ်စားလှယ်လောင်းများကိုသာ ရွေးချယ်မဲပေးရန် မ.ဘ.သ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် ပြောဆို


မျိုးစောင့်ဥပဒေ မဲခွဲစဉ်က မထောက်ခံသူများ နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲ အနိုင်ရလျှင် မျိုးစောင့်ဥပဒေကို ဖျက်သိမ်းနိုင်သောကြောင့် ကာကွယ်မည့် ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးရွေးချယ်ရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ဗဟို ဥက္ကဋ္ဌ ရွာမပဋိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိ လောကာဘိဝံသက သဝဏ်လွှာပေးပို့ကြောင်း အကျော်ဆရာတော် ဦးရေဝတက မိန့်ကြားသည်။ 
စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ အမှတ် ၂၆ ရပ်ကွက် ပုလဲရတနာလမ်းရှိ ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်အတွင်း ပြုလုပ်သည့် မျိုးစောင့်ဥပဒေလေးရပ် အတည်ပြု ပြဋ္ဌာန်းသည့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားတွင် ယင်းသို့ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားရာတွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

“မျိုးစောင့်ဥပဒေ လွှတ်တော်ကို တင်သွင်းရာမှာ မထောက်ခံသူ၊ ကန့်ကွက်သူများ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရသွားမယ်ဆိုရင် မြန်မာ့မျိုးစောင့်ဥပဒေကို ဧကန်မုချ ဖျက်ပစ်ကြမှာ မလွဲဘူး။ ဒါကြောင့် မျိုးစောင့်ဥပဒေ ဖျက်မဲ့သူတွေကို ရှောင်ကွင်းပြီး မျိုးစောင့်ဥပဒေ ကာကွယ်မယ့် သူတွေကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ကြဖို့ အဓိက လိုအပ်ပါတယ်” ဟု ဦးရေဝတက သဝဏ်လွှာကို ကိုးကားမိန့်ကြားသည်။

၁၉၆၁ ခုနှစ် သြဂုတ်လကုန်ပိုင်းက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် အတည်ပြု ပြဋ္ဌာန်းခဲ့သော်လည်း ၁၉၆၂ ခုနှစ် အာဏာသိမ်း တော်လှန်ရေးကောင်စီက နိုင်ငံတော်ဘာသာ ဥပဒေကို နိုင်ငံတော်အစိုးရ တရားဝင် ခွင့်မပြုတော့သောကြောင့် မျိုးစောင့်ဥပဒေကိုလည်း ယခုကဲ့သို့ မဖြစ်စေရန် သတိပြုရန် လိုအပ်သည်ဟု ဆရာတော် ဦးရေဝတက သဝဏ်လွှာကို ကိုးကားမိန့်ကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကျွန်တော်တို့ ဘာမှတော့ မဖြေရှင်းဘူး။ ဥပဒေက ရှိပြီးသားပါ။ ဘာသာရေး ဥပဒေ၊ ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်ရဘူး ဆိုတာ ဥပဒေ ရှိပြီးသားပါ။ သက်ဆိုင်ရာ တာဝန်ရှိတာ အစိုးရက တာဝန်ရှိပါတယ်။ သူတို့ဘာလုပ်မလဲ ဘယ်လိုတော့ ကျွန်တော် မသိပါဘူး” ဟု ပြောကြားသည်။

မျိုးစောင့်ဥပဒေလေးရပ် အနက် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် လူမှုရေးဆိုင်ရာ ပြဿနာများကို ဥပဒေဖြင့် မထိန်းချုပ်သင့်ဘဲ ယင်းသို့ ပြဋ္ဌာန်းခြင်းကြောင့် ခြိမ်းခြောက်မှု ပြဿနာများ ပိုများလာမည် ဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွင် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။

ထိုဥပဒေလေးရပ်ကို မကျေနပ်၍ ကန့်ကွက်လိုသူများသည် နိုင်ငံသား အခွင့်အရေးအရ တစ်ဦးတည်းသော် လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း ကန့်ကွက်ပိုင်ခွင့်၊ ပြန်လည်ပြင်ဆင်ရေး တောင်းဆိုပိုင်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်ရှိပြီး အစိုးရနှင့် လွှတ်တော်ကသာ ဆွေးနွေးဆုံးဖြတ်မည် ဖြစ်ပြီး မိမိတို့ဘက်ကလည်း အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးညှိနှိုင်းကာ အဖြေရှာနိုင်ကြောင်း မြန်မာအမျိုးသားရေးကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က မှတ်ချက်ပြု ပြောကြားသည်။

မျိုးစောင့်ဥပဒေများပါ ကိစ္စများနှင့် ပတ်သက်၍ မ.ဘ.သ အဖွဲ့က ဟိုတယ်နှင့် တည်းခိုခန်းများတွင် လိုက်လံစစ်ဆေးမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ထိုသို့လုပ်ဆောင်မည် မဟုတ်ဘဲ နစ်နာမှုရှိ၍ တိုင်ကြားသူများရှိလျှင် သက်ဆိုင်ရာ ဝန်ကြီးဌာနများကသာ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း မ.ဘ.သ အဖွဲ့ထံမှ သိရှိရသည်။

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၄၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် ၅၀၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကို ဥပဒေအမှတ် ၄၈ နှင့် လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ဥပဒေအမှတ် ၂၈ အဖြစ် ပြဋ္ဌာန်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment