Monday, September 14, 2015

အမျိုးသမီးတွေ ပျောက်ဆုံးနေတဲ့ ပြည်နယ်


မက္ကစီကိုတွင် နှစ်စဉ်နှစ်တိုင်း အမျိုးသမီးနှင့် မိန်းကလေး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေသည်။ အများစုကို အသက်ရှင်လျက် ပြန်မတွေ့ရတတ်။ နည်းလမ်းမျိုးစုံဖြင့် ရှာဖွေသော်လည်း ပြန်မတွေ့ရသည်က များခဲ့သည်။ ခြွင်းချက်လေးတော့ ရှိခဲ့သည်။ ဇနီးမောင်နှံ နှစ်ဦးသည် သမီးဖြစ်သူ ပျောက်ဆုံးနေပြီ ဖြစ်ကြောင်း သိရှိခဲ့ပြီးနောက်တွင် သမီးကို အသက်ရှင်လျက် ပြန်တွေ့ရရေး အတွက် အချိန်မဆိုင်းဘဲ အားထုတ် လုပ်ဆောင်ခဲ့သည်။ဆယ်ကျော်သက် သမီး ကာရင် အပြင်ထွက်သွားပြီး (၁၅)မိနစ် အကြာတွင် တစ်ခုခုတော့ လွဲမှားနေပြီဟု အဲလစ်ဇဘက်သ် သိလိုက်သည်။ “ကျွန်မ သိလိုက်တယ်။ စိတ်ထဲမှာ တစ်ခါမှ ဒီလိုမဖြစ်ခဲ့ဖူးဘူး။ စိတ်တွေ တအား လေးနေတယ်၊ ရင်ထဲမှာ အောင့်သလိုမျိုး ဖြစ်လာတယ်။ လမ်းတွေမှာရှာတယ်၊ သူ့သူငယ်ချင်းတွေနဲ့ မိသားစုတွေကို ဖုန်းဆက်မေးတယ်။ အားလုံးက သမီးကို မတွေ့လိုက်ဘူးချည်းပဲ ပြောကြတယ်”ဟု အဲလစ်ဇဘက်သ်က ပြောသည်။

“သမီးက အများသုံး အိမ်သာကို သွားမယ်လို့ပြောပြီး ထွက်သွားတယ်။ ပိုက်ဆံလည်း မပါဘူး။ မိုဘိုင်းဖုန်းလည်း မပါဘူး။ အ၀တ်အစားတွေလည်း မပါသွားဘူး။ သူပြန်ပေးဆွဲခံရပြီလို့ ကျွန်မတို့ သိလိုက်တယ်လေ”ဟု သူက ပြောသည်။

ကာရင်သည် ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ပျောက်ဆုံးချိန်တွင် အသက်(၁၄) နှစ်သာ ရှိသေးသည်။ ကာရင်သည် မြို့တော် မက္ကစီကို တစ်ဝိုက်ရှိ မက္ကစီကိုပြည်နယ်တွင်း ပျောက်ဆုံးသွားသည့် မိန်းကလေး ထောင်ပေါင်းများစွာ အနက် တစ်ဦးဖြစ်သည်။ ပြည်နယ်တွင်း ၂၀၁၁ မှ ၂၀၁၂ ခုနှစ် ကြားတွင် အမျိုးသမီးနှင့် မိန်းကလေး (၁၂၃၈)ဦး ပျောက်ဆုံးခဲ့ကြောင်း မှတ်တမ်းများ ရှိနေသည်။ ပျောက်ဆုံးသူများ အနက် (၅၃)ဦးမှာ အသက်(၁၇) နှစ် အောက် မိန်းကလေးများ ဖြစ်ကြသည်။

ပျောက်ဆုံးသူများအနက် ဘယ်နှယောက်ကို အသက်ရှင်လျက် ပြန်တွေ့သည်။ ဘယ်နှယောက်ကို အလောင်းသာ ပြန်ရသည်။ ဘယ်နှယောက် ပျောက်ဆုံးနေဆဲ ဖြစ်သည်ကို ဘယ်သူမှ မသိကြ။ မက္ကစီကိုပြည်နယ်မှာ အမျိုးသမီး တစ်ဦးအဖြစ် အသက်ရှင် နေထိုင်ရခြင်း အတွက် အန္တရာယ်အများဆုံး ပြည်နယ်ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အမျိုးသမီး (၂၂၂၈)ဦး သတ်ဖြတ် ခံခဲ့ရသည်။

သုံးနာရီလောက် အသည်းအသန် ရှာဖွေခဲ့ပြီးနောက် အဲလစ်ဇဘက်သ်သည် သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။ သို့သော် မက္ကစီကို ရဲတပ်ဖွဲ့သည် လူတစ်ဦး ပျောက်ဆုံးနေသည်မှာ (၇၂)နာရီ ကြာမှသာ အမှုဖွင့်ပြီး ရှာဖွေမှုများကို ပြုလုပ်တတ်သည်။ ယင်းကြောင့် အဲလစ်ဇဘက်သ်နှင့် ခင်ပွန်း အလက်ယန်ဒရိုတို့သည် ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ရသည်။ ပထမဆုံးအနေနှင့် သူတို့နှစ်ဦး သမီးဖြစ်သူ၏ လူမှုကွန်ရက် အကောင့်များကို ၀င်ကြည့်ကြသည်။

“သူ့ဖေ့စ်ဘွတ်ခ် အကောင့်ကို ၀င်ကြည့်တော့ အပြင်နဲ့ကွာတဲ့ ပရိုဖိုင်းကို တွေ့လိုက်ရတယ်။ သူငယ်ချင်းက (၄၀၀၀) ကျော်တောင် ရှိတယ်။ ကောက်ရိုးပုံထဲ အပ်ရှာသလိုပဲ။ ဒါပေမဲ့ အမျိုးသား တစ်ဦးကိုတော့ သတိထားမိသွားတယ်။ မလုံ့တလုံ ၀တ်ဆင်ထားတဲ့ မိန်းကလေးတွေနဲ့ တွဲရိုက်ထားတဲ့ အဲဒီအမျိုးသားပုံကို တွေ့လိုက်ရတယ်။ အဲဒီအမျိုးသားက ကျွန်မသမီးအရွယ် မိန်းကလေးတွေနဲ့ သူငယ်ချင်း ဖွဲ့ထားတယ်လေ”ဟု အဲလစ်ဇဘက်သ်က ပြောဆိုခဲ့သည်။

“ဒီလူ့ကို မြင်လိုက်တာနဲ့ သိလိုက်တယ်။ အန္တရာယ် အချက်ပေး ဘဲလ်သံတွေ အကုန်မြည်လာသလိုပဲ။ သူက မူးယစ် မှောင်ခိုသမား တစ်ဦးလို့ ပြောတယ်။ နယ်မြေအကြောင်းတွေ၊ ခရီးသွားတဲ့ အကြောင်းတွေ၊ နောက်ပြီး သမီးဆီကို သူလာတော့မယ်လို့လည်း ပြောတယ်။ သမီးမပျောက်မီ ရက်အနည်းငယ်အလိုထိ ဒီလူနဲ့ အဆက်အသွယ် ရှိခဲ့တယ်။ အဲဒီလူက သမီးကိုတောင် စမတ်ဖုန်းတစ်လုံး ပေးလိုက်သေးတယ်။ ကျွန်တော်တို့ ဒါတွေကို မသိခဲ့ဘူးဗျာ”ဟု အလက်ယန်ဒရိုက ပြောသည်။

မက္ကစီကိုတွင် နှစ်စဉ်နှစ်တိုင်း လူ (၂၀၀၀၀၀)ကျော် လူကုန်ကူး ခံနေရကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့၏ စာရင်းအင်းများတွင် ဖော်ပြထားသည်။ အများစုမှာ ပြည့်တန်ဆာများအဖြစ် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။ အမျိုးသမီးများအား အွန်လိုင်းမှတစ်ဆင့် ပစ်မှတ်ထား စည်းရုံးသိမ်းသွင်းနေကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်။

သမီးဖြစ်သူ ကာရင်အား လူကုန်ကူးသူတွေ အချိန်မဆိုင်းဘဲ နိုင်ငံတွင်းမှ ခေါ်ဆောင်သွားတောမည်ကို အဲလစ်ဇဘက်သ်နှင့် အလက်ယန်ဒရိုတို့ သိကြသည်။ လူပျောက် သတိပေးချက် ထုတ်ပြန်ပေးရန် ရဲတပ်ဖွဲ့ကို သူတို့ဖိအားပေးသည်။ မက္ကစီကို တစ်ဝိုက်ရှိ ကားမှတ်တိုင်တိုင်းနှင့် တိုးဂိတ်တိုင်းတွင် လူပျောက်ကြော်ငြာများကို ကပ်သည်။ သူတို့သမီး ပျောက်ဆုံးနေကြောင်းကို ရုပ်သံနှင့် ရေဒီယိုသတင်းများမှပင် ပါလာအောင် လုပ်ဆောင်နိုင်ခဲ့သည်။

သူတို့ ကြိုးပမ်းမှု အောင်မြင်ခဲ့သည်။ ပျောက်ဆုံးပြီး (၁၆)ရက်အကြာတွင် ကာရင်ကို ကားဂိတ်တစ်ခုတွင် အခြား မိန်းကလေးတစ်ဦးနှင့် အတူ ပြန်တွေ့ခဲ့သည်။ အခြားမိန်းကလေးမှာလည်း အခြားပြည်နယ်တစ်ခုတွင် လူပျောက်ကြော်ငြာ ခံထားရသူ ဖြစ်သည်။ ကာရင် ပျောက်ဆုံးမှု လူသိရှင်ကြား ဖြစ်လာသဖြင့် လူကုန်ကူးသူ ကြောက်လန့်ပြီး ကာရင်ကို ထားခဲ့ခြင်း ဖြစ်သည်။ ကာရင်အား နယူးယောက်သို့ ခေါ်သွားမည်ဟု လူကုန်ကူးသူက ပြောဆိုခဲ့သည်။

“ဒီလူက သမီးကို ခရီးတွေသွားရမယ်။ ပိုက်ဆံတွေရမယ်၊ ဂီတလုပ်ငန်းမှာ အောင်မြင်စေရမယ်လို့ ကတိတွေ ပေးတယ်လေ။ အဲဒီလူက အတော်ကို လည်ဝယ်တယ်ဗျ၊ သမီးကိုလုံးဝကို အယုံသွင်းနိုင်တယ်။ ကလေးက အမြင်မကျယ်တော့ သူဘယ်လို ဒုက္ခရောက်တော့မယ် ဆိုတာကို မသိခဲ့ဘူးလေ”ဟု အလက်ယန်ဒရိုက ပြောဆိုခဲ့သည်။

အစောပိုင်းတွင် ကာရင်က သူ၏ ဘ၀အိပ်မက်ကို ဖျက်ပစ်ခဲ့သည့် မိဘများကို မကျေမနပ် ဖြစ်ခဲ့သည်။ ယင်းကြောင့် အဲလစ်ဇဘက်သ်က ကာရင်အား လူကုန်ကူးခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာသည့် မိန်းကလေးများ ပါဝင်မည့် ညီလာခံတစ်ခုသို့ ခေါ်သွားခဲ့သည်။

“အဲဒီအခါကျမှပဲ သမီးက အခြား မိန်းကလေးတွေ ဘယ်လို ဘ၀ပျက်ခဲ့ရတယ် ဆိုတာကို သိခဲ့တယ်လေ။ သူ ဒုက္ခရောက်ဖို့ ဘယ်လောက် ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ် ဆိုတာကို သိနားလည် လာခဲ့တယ်။ ညီလာခံကို မိန်းကလေး ငယ်လေးလို သွားခဲ့ပေမယ့် ပြန်လာတော့ အမျိုးသမီးကြီး ဖြစ်သွားတယ်”ဟု အဲလစ်ဇဘက်သ်က ပြောဆိုခဲ့သည်။

ကာရင် ပြန်ရောက်ပြီးကတည်းက အဲလစ်ဇဘက်သ်နှင့် အလက်ယန်ဒရိုတို့သည် မိသားစု (၂၁)စု သားသမီးများနှင့် ပြန်လည် တွေ့ဆုံခွင့်ရရှိရေး အတွက် အကူအညီ ပေးနိုင်ခဲ့သည်။ အသက်ငါးနှစ်မှစပြီး အရွယ်ရောက်သူများအထိ ပါဝင်သည့် ပျောက်ဆုံးနေသည့် မိန်းကလေးများ၏ ဓာတ်ပုံများပါဝင်သော ဖိုင်တစ်ခုကို သူတို့ သိမ်းထားပြီး အကူအညီပေးခဲ့သည်။

သူတို့က ကျွန်မကို မက်္ကစီကိုပြည်နယ် အခြားဘက်ခြမ်းသို့ ကားဖြင့်ခေါ်သွားခဲ့သည်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာတွင် ပျောက်ဆုံးသွားခဲ့သည့် အသက်(၁၇) နှစ် အရွယ် မိန်းကလေး ဆယာမာပက်ဇ်လီမူစ်၏ မိသားစုနှင့် ဆုံပေးချင်သောကြောင့် ဖြစ်သည်။ ဆယာမာသည်လည်း အွန်လိုင်းမှတစ်ဆင့် စည်းရုံးသိမ်းသွင်း ခံခဲ့ရခြင်း ဖြစ်သည်။

ကားမောင်းသွားနေတုန်း အဲလက်ဇဘက်သ်ထံသို့ ဖုန်းဝင်လာသည်။ အိမ်ရှေ့တွင် ကစားနေရင်း ပျောက်ဆုံးသွားသည့် အသက်(၁၄)နှစ်နှင့် သုံးနှစ်သမီးလေး နှစ်ဦးတို့ကို ရှာဖွေပေးရန် အကူအညီ တောင်းခံခြင်း ဖြစ်သည်။ အဲလစ်ဇဘက်သ်ကလည်း လူပျောက် သတိပေးချက် ထုတ်ပြန်နိုင်အောင် လုပ်ပေးမည်ဟု ကတိပြုခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ အဲလစ်ဇဘက်သ် အကူအညီ မပေးနိုင်ခဲ့။ နောက်တစ်နေ့တွင် ပျောက်ဆုံးနေသည့် မိန်းကလေးနှစ်ဦး၏ ရုပ်အလောင်းကို ပြန်တွေ့ခဲ့သောကြောင့် ဖြစ်သည်။

ဆယာမာတို့ အိမ်ရောက်တော့ ဆယာမာ အကြောင်းကို ကျွန်မပိုသိလာခဲ့ရသည်။ ဆယာမာ ပက်ဇ်လီမူစ်သည် ရှက်တတ် ကြောက်တတ်သော မိန်းကလေး၊ လူမှုမီဒီယာများတွင် ချက်တင်ဝင်ရခြင်းနှင့် အွန်လိုင်းဂိမ်း ကစားရခြင်းတို့ကို နှစ်သက်သော မိန်းကလေးဖြစ်သည်။ အိပ်ခန်းထဲမှာပဲ အချိန်အများစုကို ကုန်ဆုံးခဲ့သူ ဖြစ်သည်။

ပုံမှန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦး၏ အိပ်ခန်းဖြစ်သည်။ သူနှစ်သက်သော ဂီတအဖွဲ့များ၏ ပိုစတာများနှင့် ဂျပန်ရုပ်ပြ ဇာတ်ကောင်ပုံများ၏ ပိုစတာများကို နံရံများတွင် ကပ်ထားသည်။ မပျောက်ခင် တစ်ရက်အလိုတွင် ဆယာမာသည် အိပ်ခန်းထဲတွင် အချိန်ကုန်ခဲ့သည်။ အပြင်ထွက်ပြီး အစားလည်းမစားခဲ့။ မိဘများကတော့ ဆယ်ကျော်သက်တွေ ဒီလိုပဲဟု တွေးပြီး လွှတ်ထားခဲ့သည်။

သူပျောက်ဆုံးသည့်နေ့တွင် မိခင်ဖြစ်သူက အိမ်ကိုဖုန်းဆက်ပြီး သမီးဖြစ်သူ အစားစားမစား မေးကြည့်မိသည်။ ဆယာမာက ဖုန်းကို လာမကိုင်။ အဘွားဖြစ်သူကသာ ဖုန်းကိုကိုင်ခဲ့သည်။ ဆယာမာ ည(၈) နာရီကတည်းက အပြင် ထွက်သွားသည်တဲ့။

ဆယာမာသည် ခေါင်းစွပ်အင်္ကျီ ၀တ်ထားသည့် အမျိုးသားတစ်ဦးကို အိမ်တံခါးဖွင့်ပေးခဲ့ပြီး အိတ်များဆွဲကာ ယင်းအမျိုးသားနှင့် ပါသွားသည်ဟု အိမ်နီး ချင်းများက ပြောသည်။ မိခင်ဖြစ်သူ နေဒါကလည်း သမီးဖြစ်သူ၏ အွန်လိုင်းအကောင့်များကို ရှာကြည့်သည်။ သို့သော် ဆယာမာမှာ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဖျက်ပစ်လိုက်ပြီ ဖြစ်သည်။ သို့သော် ဆယာမာ မပျောက်ဆုံးမီတွင် ရရှိခဲ့သည့် အွန်လိုင်း ခြိမ်းခြောက်မှုများအား စခရင်ရွှတ် ရိုက်ထားသည့် ဓာတ်ပုံများကိုတော့ တွေ့ခဲ့သည်။ “ခြိမ်းခြောက်မှုတွေက ပြင်းထန်တယ်။ လာခေါ်တဲ့လူနဲ့ မလိုက်သွားဘူးဆိုရင် သူ့ဘ၀ကို ဖျက်ပစ်မယ်လို့ ရေးထားတယ်”ဟု နီဒါက ပြောသည်။

ပျောက်ဆုံးချိန်မှစပြီး ဆယာမာ၏ မိသားစုသည် မိန်းကလေး ဘယ်မှာရှိသည်ကို သိရှိနိုင်ရေး အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ ဆယာမာ၏ မိုဘိုင်းဖုန်းကို ခေါ်ဆိုခဲ့သည့် ဖုန်းနံပါတ် များကိုလည်း ခြေရာခံခဲ့သည်။ သို့သော် ၁၀ လသာ ကြာခဲ့သည့် ဘာသတင်းကိုမျှ မရရှိခဲ့။

ဆယာမာနှင့် ပတ်သက်သော လူပျောက်တိုင်ကြားချက်ကို ရဲတပ်ဖွဲ့ အခုထိ မပိတ်သေး။ မိသားစုကလည်း အကောင်း မြင်ထားဆဲ ဖြစ်သည်။ “ကာရင်ရဲ့ ဖြစ်ရပ်က ကျွန်မတို့ရဲ့ သမီးလေးကို တစ်ချိန်ချိန်မှာ ပြန်တွေ့ခွင့်ရမယ်ဆိုပြီး မျှော်လင့်ချက် ရှိလာစေတယ်။ ဒါပေမဲ့ ဒီမှာနေရတာက ကိုယ့်အိမ်ထဲမှာ နေရင်းတောင် မလုံခြုံဘူးဖြစ်နေတာ”ဟု နီဒါက ပြောဆိုခဲ့သည်။

Ref: The women vanishing without a trace
Messenger News Journal

0 comments:

Post a Comment