ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့နွယ်ဝင်သီလရှင် စာသင် တိုက်များသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ က ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေ သာပင် အလှူငွေများဆက်ကပ်လှူဒါန်း ခြင်းကို ယနေ့ညနေပိုင်းတွင် အတုလမာရဇိန်ဆုတောင်း ပြည့်မြတ်စွာ ဘုရား၊ မြို့လယ် ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓာန နာယက၊ ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဌ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ တေဇဝန္တ ဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အဆိုပါ လှူဒါန်းပွဲသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဝတ်အသင်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည်မိသားစုများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အခမ်းအနားတက်ရောက်လာကြသူများသည် သိမ်တောင် ပရိယတ္တိ စာသင်တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွား ချီးမြှင့် တော်မူကြသည့် မေတ္တသုတ်ပရိတ် တရားတော်များကိုနာယူကြသည်။ ထို့နောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှတို့က သိမ်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့် အဖွဲ့ ဝင်များက သီလရှင်ဆရာကြီးများအားလည်းကောင်း လှူဖွယ်ပစ္စည်းများအသီးသီးဆက်ကပ် လှူဒါန်းကြသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှလှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအား ပေးအပ်လှူဒါန်းရာ မြို့လယ် ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် မှလက်ခံရယူသည်။
ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပ ဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းရခြင်း၏ရည်ရွယ်ချက် နှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က တင်ပြလျှောက်ထားရာတွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၉၉ ကျောင်း၊ သီလရှင်ကျောင်း ၂ ကျောင်း တို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်းခြင်းသည် ဓူရနှစ်ဖြာသာသနာကို ကြိုးစားအားထုတ် တော်မူ လျက် ရှိကြသည့် သဃာတော်များ စိတ်ချမ်းမြေ့စွာ သာသနာပြုနိုင်ရေးအတွက် ဆွမ်း၊ ကွမ်းစသည့် ပစ္စည်းလေးပါးတို့ ပြည့်စုံစေရန် စုပေါင်းဆက်ကပ် လှူဒါန်းပူဇော်ခြင်းဖြစ်ပါကြောင်း၊ လှူဒါန်းဆက်ကပ်ရခြင်း၏ ပထမ ရည်ရွယ် ချက်အနေဖြင့် ရဟန်းသံဃာတော်များသည် သာသနာတော်ကို စောင့်ရှောက်နေကြသူများ ဖြစ်ကြပါကြောင်း၊ သာသနာကို စောင့်ရှောက်နေခြင်းသည် တိုင်းပြည်ကိုစောင့်ရှောက် နေခြင်းပင်ဖြစ်ပါကြောင်း၊ ဗုဒ္ဓသာသနာ စည်ပင်ဝပြောစေရေးအတွက် ဘုရားအဆုံးအမ နှင့်အညီ ဆရာတော်၊ သံဃာတော်များ၏ ဦးဆောင်မှုဖြင့် သွန်သင်ဆုံးမ လမ်းညွှန်မှုများ သည် အေးချမ်းမှုအတွက် အထောက်အကူဖြစ်သောကြောင့် ဒေသခံပြည် သူများအတွက်လည်း စိတ်နှလုံးအေးချမ်းမှုကို ရရှိခံစားရစေပါကြောင်း၊ ထို့ကြောင့် ဘာသာ၊ သာသနာ ယဉ်ကျေးမှုအကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းစေရန် ရည်ရွယ်၍ ယခုကဲ့သို့ လှူဒါန်း ရခြင်းဖြစ်ပါကြောင်း။
ဒုတိယရည်ရွယ်ချက်အနေဖြင့် တပည့်တော်တို့ တပ်မတော်သားများအနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာ တော်ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် နိုင်ငံတော်ကာကွယ် ရေးတာဝန်များကို အချိန်ပြည့်ထမ်း ဆောင်နေ ကြရပါကြောင်း၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အမှုပွားများ တည်ဆောက်ရန် အချိန်ကောင်း၊ အခါကောင်းနှင့် ကြုံကြိုက်ရပါသဖြင့် ကုသိုလ်ဒါန ကမကထမြောက်စေရန် ယခုလိုလှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ တတိယ ရည်ရွယ်ချက်အနေဖြင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာ သည် ဗုဒ္ဓယဉ်ကျေးမှု များပင်ဖြစ်ပါကြောင်း၊ မြတ်စွာဘုရားရှင်သည် လောကလူသားများ၏ ပစ္စုပ္ပန်ချမ်းသာရေးအတွက် မင်္ဂလာတရား တော်များ၊ ဂိဟိဝိနယ လူ့ကျင့်ဝတ်များကို ဘက်စုံ၊ ထောင့်စုံမှဟောပြောပြသ လမ်းညွှန်ခဲ့သည့်အပြင် လောက ဆင်းရဲမှ လွတ်မြောက် ရေးကျင့်စဉ်များကိုလည်း နည်းလမ်းအသွယ်သွယ်ဖြင့် လမ်းညွှန်ခဲ့သည်ကို ဆရာတော် ကြီးများထံမှတစ်ဆင့် နာယူမှတ်သားခွင့်ရသည့်အတွက် ဗုဒ္ဓတရားတော်ကို အခြေခံသည့် ယဉ်ကျေးမှုနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ထိန်းသိမ်းကာကွယ်လိုစိတ်များ ကိန်းအောင်း တည်ရှိနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု အကျင့် ကောင်းများကို ဆက်လက်ထိန်းသိမ်းစေရန် ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ပါကြောင်းဖြင့် လျှောက်ထားတင်ပြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများ သည် သိမ်တောင်ပရိယ တ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်း ချအမျှပေးဝေကြသည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ ယနေ့ ကျင်းပပြုလုပ်သည့် လှူဒါန်းမှုအစုစုအနေဖြင့် ဆွမ်းပဒေသာပင်အလှူငွေ ၁၂၇ သိန်း၊ ဆန် ၅၀၅ အိတ်၊ ဆီ ၁၀၁၀ ပိဿာ၊ ပဲ ၅၀၅ ပိဿာ၊ ဆား ၅၀၅ ပိဿာ တို့နှင့်လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ နယ်ရှိ ရှေးဟောင်းသမိုင်းဝင်မွေတော်ကက္ကူဘုရား သို့သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မွေတော် ကက္ကူဘုရားသို့ရောက်ရှိရာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကလှိုက်လှဲစွာ ကြိုဆိုနှုတ် ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် မြောက်ဘက်အရုဏ်ခံအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီး များကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေများပေးအပ်လှူဒါန်းသည်။ ထို့နောက် သမိုင်းဝင်မွေတော်ကက္ကူဘုရားကြီးသို့ ရောက်ရှိဖူး မြော်ခွင့်၊ ပြုပြင်ထိန်းသိမ်းကြည်ညိုခွင့်ရရှိသည့်အတွက် ဝမ်းသာကြည်နူးရပါကြောင်း၊ ဗုဒ္ဓဘာသာသာသနာ တော်ကြီး ကမ္ဘာတည်သရွေ့ ထွန်းလင်းတောက်ပပြီး တည်တံ့ခိုင်မြဲပါစေကြောင်းနှင့် ပအိုဝ်းဒေသကြီးတစ်ခုလုံး အေးချမ်းသာယာဝပြောပါစေကြောင်းဖြင့် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် ရေးသား ပူဇော်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကက္ကူဘုရား အတွင်းလှည့်လည်ကြည့်ရှုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်များ အားပြန်လည်ပြုပြင်ထိန်းသိမ်းမွမ်းမံရာတွင် ရေရှည် တည်တံခိုင်မြဲရေးအတွက် အသေးစိတ်ကြည့်ရှုစစ်ဆေးကာ စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် ဘုရား ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ အား အကြံပြုပြောကြားသည်။ ယင်းနောက် တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ ပင့် ဆောင်တော်မူလာသည့် စွယ်တော်ပွားများ တည်ထားကိုးကွယ်ရန် စွယ်တော်တိုက် ဆောက်လုပ်ပူဇော်လျက်ရှိသည့် အခြေအ နေများအားကြည့်ရှု၍ လိုအပ်သည်များ ဆွေးနွေးအကြံပြုပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ကာကွယ်ရေးဦးစီးချုပ်သည် ဗုဒ္ဓရက္ခိတ ကျောင်းတိုက်၌ ပင်စုံကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တကေသရနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဓမ္မလက် ဆောင် များပြန်လည်ပေးအပ်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ကြီမြို့ရှိ ရွှေဘုန်းပွင့်စေတီ တော် မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့နာယက ၀ဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်းနှင့် ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး စေတီတော်ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် ဘက်စုံအလှူငွေများအား ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံ ရယူသည်။
၎င်းနောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စုပေါင်းလှူဒါန်းမှုဖြင့် စေတီတော်ကြီး မြေထိန်း နံရံပြုပြင်ခြင်းလုပ်ငန်း၊ ရင်ပြင်တော်ကြမ်းခင်းများ နိမ့်ကျ အက်ကွဲနေမှုအား ပြုပြင်ခြင်းလုပ်ငန်းနှင့် ရင်ပြင်တော် နေပူခံကျောက်ပြားများ ခင်းကျင်း ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ဂေါပကအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
0 comments:
Post a Comment