Wednesday, August 17, 2022

ရဟတ်ယာဉ် ဆင်းနိုင်သည့် မင်္ဂလာဒုံ အမှတ် ၁ စစ်ဆေးရုံကြီး အထူးကုသမှု စင်တာကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို တည်ဆောက်ခွင့်ပေး၊ လူယုံ မောင်မောင်နိုင်က အကြမ်းဖက် ခေါင်းဆောင်၏ မိသားစု စီးပွားရေး တာဝန်ခံ ဖြစ်လာ

 

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ရဟတ်ယာဉ် ဆင်းနိုင်သည့် အမှတ် ၁ စစ် ဆေးရုံကြီး(ခုတင် ၁၀၀၀) အထူးကုသမှု စင်တာကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို တည်ဆောက်ခွင့်ပေးခဲ့ပြီး လူယုံမောင်မောင်နိုင်က အကြမ်း ဖက်ခေါင်းဆောင် မိသားစု၏ စီးပွားရေးတာဝန်ခံ ဖြစ်လာကြောင်း သိရှိရသည်။
မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံသည် Sky One Construction ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး မောင်မောင်နိုင်သည် ဒါရိုက်တာအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မင်းအောင်လှိုင် ကာ ကွယ်ရေးဦးစီးချုပ် ဖြစ်ချိန်ကတည်းက မောင်မောင်နိုင် သည် မင်းအောင်လှိုင်နှင့် အောင်ပြည့်စုံအတွက် အလုပ်လုပ်ပေးခဲ့ပြီး အောင်ပြည့်စုံ၏ ကုမ္ပဏီ များအားလုံးတွင် မောင်မောင်နိုင်က စီးပွားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ပေးနေရကြောင်း၊ မင်္ဂလာဒုံ အမှတ် ၁ စစ်ဆေးရုံကြီး အထူးကုသမှု စင်တာကိုလည်း အောင်ပြည့်စုံကပင် တည်ဆောက်ခွင့်ရရှိပြီး အစအဆုံးကို မောင်မောင်နိုင်က ဦးစီးရခြင်းဖြစ်ကြောင်း သိရှိရသည်။
"မင်္ဂလာဒုံ ကုတင် ၁၀၀၀ အထူးကုသမှုစင်တာကို တည်ဆောက်ပြီးတာ မကြာသေးဘူး။ ဖွင့်ပွဲတွေ ဘာတွေ မလုပ်ရသေးဘူး။ အခုဆေးကုတာတွေ ပါလုပ်နေပါပြီ။ အဖေဖြစ်သူက သားအောင်ပြည့်စုံကို လုပ်ခွင့်ပေးတာ။ မောင်မောင်နိုင်က ဦးစီးပြီး လုပ်ပေးရတယ်။ ဆောက်တာကတော့ Sky One နာမည်နဲ့မဟုတ်ဘူး။ မြန်မာစစ်သူကြီး နာမည်နဲ့ ဆောက်တာ။ မြ၀တီမီဒီယာ စင်တာကို Sky One နာမည်နဲ့ဆောက်ခဲ့ပြီးတော့ ဒီဆေးရုံကြီးကို ထပ်ဆောက်ခွင့်ရတာ။ ဒီအထူးကုသမှု စင်တာက အမှတ် ၁ စစ်ဆေးရုံဝင်းထဲမှာပဲ အသစ်ထပ်ဆောက်တာ။ ဆေးရုံ ခေါင်မိုးပေါ် ရဟတ်ယာဉ်ပါ ဆင်းလို့ရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။
၁၉၇၄ ခုနှစ်တွင် မွေးဖွားပြီး အသက် ၄၈ နှစ်ရှိနေပြီဖြစ်သည့် မောင်မောင်နိုင်သည် ယခင်က Lucky Man ဘက်ထရီနှင့်ကား တာယာလုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ လက်ရှိတွင်မူ မင်းအောင် လှိုင် ၏သားဖြစ်သူနှင့် မိသားစု ကုမ္ပဏီအားလုံးကို နာမည်ခံ၊ တာဝန်ခံ လုပ်ပေးနေရသည်ဟု သိရှိထားကြောင်း ရန်ကုန်စီးပွားရေးသမားတစ်ဦးဖြစ်သည်။
"မောင်မောင်နိုင်က မြန်မာ-တရုတ် အနွယ်ပဲ။ အရင်က မြေနီကုန်းမှာ Lucky Man ကားတာယာနဲ့ဘက်ထရီ လုပ်တယ်။ အရင်တုန်းက ထူးကုမ္ပဏီက ကားတာယာတွေအားလုံးကို သူပဲ ကန်ထရိုက်ယူ လဲလှယ်ပြုပြင်တာတွေလုပ်တာ။ ဦးတေဇနဲ့ ရင်းနှီးတာမျိုးမဟုတ်ဘူး။ သူ့ဟာသူ အချိတ်အဆက်နဲ့ ဝင်လာတာ။ အခုတော့ မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံရဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးမှာ တာဝန်ခံ နာမည်ခံပေးနေတာ" ဟု ရန်ကုန်စီးပွားရေးသမားကဆိုသည်။
မောင်မောင်နိုင်သည် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်တိုင်းနှင့် သီတဂူ၏ ရွှေစည်းခုံစေတီ ထီးတင်ပွဲခရီးစဉ် အပါ အဝင် ပြည်ပ ခရီးစဉ်များ အားလုံးတွင် လိုက်ပါ ရလေ့ရှိကြောင်း၊ မင်းအောင်လှိုင် ဖွဲ့ စည်းလိုက်သည့် ရုရှားစက်သုံးဆီ ဝယ်ယူရေးကော်မတီတွင်လည်း မောင်မောင်နိုင်က Yetagon Energy Trading ၏ အမှုဆောင်အရာရှိချုပ် အဖွဲ့ဝင်အဖြစ် ပါ ဝင်ကြောင်း၊ Yetagon Energy Trading၏ ဥက္ကဋ္ဌမှာ အောင်ပြည့်စုံ ဖြစ်ကြောင်း သိရှိရသည်။
"အောင်ပြည့်စုံရော မောင်မောင်နိုင်ရော နာမည်မျိုးစုံ ကုမ္ပဏီနာမည်တွေပေးတာ။ သူတို့မှန်းသိမှာစိုးလို့။ သူတို့ ကြိုက်တဲ့နာမည်ပေးပြီး စီးပွားရေးလုပ်တာပဲ။ လိုင်စင်တို့ ဘာတို့လည်း သူတို့က ယူစရာမှ မလိုတာ။ မင်းအောင်လှိုင်သား ဘယ်သူ့ ခွင့်ပြုချက်ယူရဦးမလဲဆိုတာမျိုး လုပ်နေတာ"ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။
(ရန်ကုန်ခေတ်သစ် အနေဖြင့် မင်းအောင်လှိုင်၊ မောင်မောင်နိုင်၊ အောင်ပြည့်စုံတို့ ချုပ်ကိုင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများအကြောင်းကို ဆက်လက် ဖော်ထုတ်တင်ပြသွားမည် ဖြစ်သည်။)





0 comments:

Post a Comment