Monday, August 29, 2022

မဲဆောက်တွင် မြန်မာစစ်တပ်သူလျှိုများ ဖမ်းမိဟု ထိုင်းသတင်းဖော်ပြ

 

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ သဘာဝတရားရိပ်သာ ဘုန်းကြီးကျောင်းတွင် မြန်မာအာဏာသိမ်းစစ်ကောင်စီက စေလွှတ်ထားသည့် သူလျှိုများအပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၈ ဦးအား ယမန်နေ့ဩဂုတ် ၂၉ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ပြောကြားချက်အား ကိုးကားပြီး ထိုင်းအခြေစိုက်သတင်းများက ဖော်ပြ သည်။
မဲဆောက်မြို့တွင်ရှိသည့် သဘာဝတရားရိပ်သာ ၃ ထပ်အဆောက်အဦးတွင် ဘုန်းကြီး၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များမှာ အထောက်အထားမဲ့နေထိုင်ပြီး မဲဆောက်မြို့တွင် အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်သူများ၏ သတင်းအချက်အလက်များ စုံစမ်းရန် ရောက်ရှိနေသူများဖြစ်သည့်အပြင် ဘန်ကောက်မြို့သို့ သွားရောက်ကာ စုံစမ်းမှုတွေပြုလုပ်ရန် အစီအစဉ်ရှိကြောင်းဝန်ခံခဲ့သည်ဟုလည်း သတင်းများတွင် ဖော်ပြထားသည်။
လက်ရှိတွင် ဖမ်းဆီးထားသူများအား ထိုင်းအာဏာပိုင်များက ဆက်လက်စစ်ဆေးလျှက်ရှိပြီး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ မြဝတီမြို့တဖက်ကမ်း မဲဆောက်မြို့သည် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ် ဖမ်းဆီးမှုများကြောင့် CDM ဝန်ထမ်းများ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများ ရွေ့ပြောင်းခိုလှုံရသည့် နေရာတခုဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့်လည်း ၎င်းတို့အား ဆန့်ကျင်သူများအပေါ် ဖိနှိပ်ရန်နှင့် ဘာသာရေးပဋိပက္ခများဖန်တီးရန် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး(မဘသ)ဟု ကြွေးကြော်ကြသည့် ဘာသာရေးအစွန်းရောက်များအား လက်ကိုင်တုတ်သဖွယ် အသုံးချလျက်ရှိသည့်အပြင် လတ်တလောတွင်လည်း စစ်ကိုင်းဒေသအချို့တွင် မဘသ ဘုန်ကြီးများအား ပျူစောထီးလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များအဖြစ် လုပ်ဆောင်စေလျက်ရှိသည်။


(ဓာတ်ပုံ - မဲဆောက်မြို့ရှိ သဘာဝတရားရိပ်သာ ဘုန်းကြီးကျောင်းတွင် ထိုင်းရဲက ဝင်ဖမ်းစဉ်/Matichon)
ဧရာဝတီ

0 comments:

Post a Comment