Monday, August 15, 2022

အိန္ဒိယ၏၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့သို့ သမ္မတဘိုင်ဒင်သဝဏ်လွှာပို့

 

အိန္ဒိယနိုင်ငံ၏ ၇၅ နှစ်မြောက် လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တနင်္ဂနွေနေ့က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။အိန္ဒိယ နှင့်အမေရိကန် နှစ်နိုင်ငံစလုံးသည် ဒီမိုကရေစီနိုင်ငံကြီးများဖြစ်ကြကာ မရှိမဖြစ်သောမိတ်ဖက်နိုင်ငံများလည်းဖြစ်သည် ဟုဆိုခဲ့သည်။မိမိတို့နှစ်နိုင်ငံအတူပူးပေါင်းကာ ကမ္ဘာတစ်ဝန်းရှိစိန်ခေါ်မှုများကို အတူတကွဖြေရှင်းနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘာအရပ်ရပ်မှ အိန္ဒိယလူမျိုးများအတွက် အိမ်ဖြူတော်ကထုတ်ပြန်သော သမ္မတဘိုင်ဒင်၏သဝဏ်လွှာက မဟတ္တမဂန္ဒီ၏ စကားများကိုအမှတ်ရစေခဲ့သည်။ထုတ်ပြန်ချက်မှာ
“အိန္ဒိယ - အမေရိကန်လူမျိုး လေးသန်းနီးပါးအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အိန္ဒိယလူမျိုးများ၏ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပခြင်းကိုဂုဏ်ပြုအပ်ပါသည်။မဟတ္တမဂန္ဒီ၏ လမ်းညွှန်မှုနှင့်အတူ လွတ်လပ်ရေးကိုအရယူနိုင်ခဲ့သည့် အိန္ဒိယလူမျိုးများ၏ဇွဲသတ္တိကိုလည်း အမေရိကကချီးကျူးဂုဏ်ပြုကာ ထပ်တူဝမ်းမြောက်ပါသည်” ဟု ဆိုခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ဟူသည် အိန္ဒိယ-အမေရိကသံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်လည်းဖြစ်ကြောင်း သမ္မတကထပ်လောင်းပြောကြားခဲ့သည်။ထို့ပြင် သမ္မတက နှစ်နိုင်ငံစလုံး၏ပူးပေါင်းဆောင်ရွက်မှုသည် တရားဥပဒေစိုးမိုးရေးအတွက် တူညီသောကတိကဝတ်များဖြင့် အခြေခံထားခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။
“အိန္ဒိယနှင့် အမေရိကတို့သည် မရှိမဖြစ် မိတ်ဖက်နိုင်ငံများဖြစ်ကြပြီး အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် တရားဥပဒေစိုးမိုးရေးအပါအဝင် လူသားလွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာမြှင့်တင်ရေးတို့အတွက်ကတိကဝတ်တွင် အခြေခံထားသည်" ဟုလည်းဆိုသည်။
ထို့ပြင် "အမေရိကန်ပြည်ထောင်စုရှိ တက်ကြွသော အိန္ဒိယအမေရိကန်အသိုင်းအဝိုင်း" သည် အမေရိကကိုပိုမိုဆန်းသစ်တီထွင်ပြီး ပါဝင်နိုင်ကာပိုမိုအားကောင်းသောနိုင်ငံဖြစ်လာစေသည်ဟုလည်း ဘိုင်ဒင်ကထပ်လောင်းပြောကြားခဲ့သည်။
“လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ဒီမိုကရေစီနှစ်နိုင်ငံအနေနဲ့ စည်းမျဥ်းကို အခြေခံပြီး ခုခံကာကွယ်ဖို့ဆက်လက်ပြီး အတူတကွ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကိုမြှင့်တင်ဖို့၊ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို တိုးတက်စေပြီး ကမ္ဘာတစ်ဝန်းမှာ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေကို အတူတကွကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်" ဟု ဘိုင်ဒင်ကလက်မှတ် ရေးထိုးခဲ့သည်။
၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံသည် နှစ်ပေါင်း ၂၀၀ ကျော်ကြာ ဗြိတိသျှတို့ လွှမ်းမိုးချုပ်ကိုင်မှုမှ လွတ်လပ်ရေးရရှိခဲ့သည်။အိန္ဒိယအစိုးရသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် 'Har-Ghar Tiranga' (သုံးရောင်ခြယ်) လှုပ်ရှားမှုကို နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုတစ်ရပ်အဖြစ်ကြေညာပြီး အိန္ဒိယအစိုးရသည် ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ကို စိတ်ဓာတ်ပြင်းထန်စွာဖြင့် ဆင်နွှဲလျက်ရှိသည်။
ယနေ့တွင် ၀န်ကြီးချုပ် နရင်ဒရာမိုဒီသည် နူးဒေလီမြို့တော်ရှိ သမိုင်းဝင်ခံတပ်နီမှ နိုင်ငံတော်အား မိန့်ခွန်းပြောကြားမည်ဟု မျှော်လင့်ရသည်။

Popular

0 comments:

Post a Comment