Tuesday, August 2, 2022

တောင်ကုတ်မြို့တွင် ဆင်ဖြူတကောင် မွေးဖွား


 

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဆင်ဖြူတကောင် မွေးဖွားတယ်လို့ စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၁၀ ကောင်မြောက်ဖြစ်တဲ့ ဆင်ဖြူလေးဟာ ဆင်ဖြူလက္ခဏာ ၇ ခုပါတဲ့ ဒုတိယမြောက်ဆင်ဖြူ ဖြစ်တယ်လို့ ဆိုပါတယ်။ အရင်ဆင်ဖြူတွေမှာတော့ ပထမဆုံး ဆင်ဖြူကလွဲပြီး တခြား ဆင်ဖြူတွေဟာ အများဆုံး လက္ခဏာ ၆ ချက်အထိပဲ ကိုက်ညီခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု ဆင်ဖြူလေးကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မြန်မာ့သစ်လုပ်ငန်းမှာ ထိန်းကျောင်းထားတဲ့ ဆင်ဝိုင်းက အသက် ၃၃ နှစ်အရွယ် ဆင်မ ဇာနန်းလှက ဇူလိုင် ၂၃ ရက်မှာ မွေးဖွားပြီး အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကျောအလျား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆လက်မနဲ့ မွေးဖွားစ ကိုယ်အလေးချိန် ၁၈၀ ပေါင်လောက်ရှိတယ်လို့ ဆိုပါတယ်။

ရှေးမြန်မာ ပညာရှိတွေရဲ့ သတ်မှတ်ချက်အရ ဆင်ဖြူတော်တွေရဲ့ ကြန်အင်လက္ခဏာတွေက မျက်လုံး ပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဍာန်ကျောကုန်း၊ အမွှေးအဖြူရောင်၊ အမြီးဟာ တခါးပိတ်၊ အရေပြားဟာ ဩဇာကွက်၊ အသားအရေပန်း‌ရောင်၊ ရှေ့ခြေသည်း ၅ ခုစီ၊ နောက်ခြေသည်း ၅ ခုစီပါပြီး နားရွက်ကြီးတယ်လို့ ဆိုပါတယ်။

အခု ဆင်ဖြူက အထီးဖြစ်ပြီး နောက်ခြေသည်းက ၄ ခုပါတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရခိုင်ဒေသခံတွေကတော့ ဒီဆင်ဖြူကို ဇူလိုင် ၂၁ ရက်နေ့က တောင်ကုတ်မြို့နယ်၊ လက်ျာစတိုင်ရွာမှာ မွေးဖွားတယ်လို့ ပြောပြီး စစ်ကောင်စီလက်အောက်ခံ သတင်းစာမှာလည်း ဖော်ပြပြီးဖြစ်ပေမယ့် စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အခုမှ အတည်ပြု ထုတ်ပြန်လာတာပါ။


DVB

0 comments:

Post a Comment