Tuesday, August 23, 2022

ရန်ကုန်မြို့မှာစက်သုံးဆီစျေး အမြင့်ဆုံးကို ရောက်လာလို့ ကုန်သေတ္တာတင်ယာဉ် သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတွေ ရပ်ဆိုင်းလုနီးပါးဖြစ်နေ

ပြည်တွင်းစက်သုံးဆီစျေးတွေမြင့်တက်လာတဲ့အတွက်ကြောင့် ရန်ကုန်မြို့မှာ ကုန်သေတ္တာတင်ယာဉ် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေ တွက်ခြေမကိုက်တဲ့အတွက် ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းက သိရပါတယ်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေဟာ အခုရက်ပိုင်း တစ်ရိပ်ရိပ်မြင့်တက်လာခဲ့ပြီး ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့ ရန်ကုန်စျေးကွက်အတွင်း ၉၂ တစ်လီတာကို ၂၄၄၀ ကျပ်၊ ၉၅တစ်လီတာကို ၂၅၂၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၃၀၀၀ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၃၀၈၀ ကျပ်အထိ စျေးတွေမြင့်တက်လာခဲ့ပါတယ်။
ရန်ကုန်စျေးကွက်အတွင်း စက်သုံးဆီစျေးနှုန်းမြင့်တက်လာတဲ့အတွက် ကုန်သေတ္တာတင်ယာဉ်များ တွက်ခြေမကိုက်ဖြစ်ကာ ရပ်ဆိုင်းလုနီးပါးဖြစ်နေမှုကို ဖြေရှင်းနိုင်ဖို့ ကုန်တင်ခနှုန်းထားတိုးမြှင့်ခြင်းမဟုတ်ဘဲ ခရီးစဉ်အလိုက် စက်သုံးဆီဖိုးကို တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပြီး နယ်ဝေးနှုန်းထားတွေတော့ မပါဘူးလို့ ကုန်သေတ္တာယာဉ်များအသင်းကနေ သိရပါတယ်။
သယ်ယူပို့ဆောင်စရိတ်တွေတိုးမြှင့်လာတဲ့အတွက် အခြေခံကုန်စည်စျေးနှုန်းတွေကလည်း ထပ်တက်နိုင်တဲ့အခြေ အနေမှာရှိတယ်လို့ သိရပါတယ်။
ပြောင်းလဲကောက်ခံရာတွင် စက်သုံးဆီတစ်ဂါလန်ကို ငွေကျပ် ၁၂၀၀၀ မှ ၁၅၀၀၀ အထိ စျေးရှိတဲ့အတွက် ကုန်သေတ္တာတင်ယာဉ်ခရီးစဉ်တစ်ကြောင်းကို ငွေကျပ် ၂၀၀၀၀ အထိ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး သြဂုတ် ၂၃ ရက်က စတင်ကောက်ခံနေပြီဖြစ်ကာ အသင်းဝင်ဂိတ်အချင်းချင်းပေးမှုနဲ့ အသင်းသားယာဉ်ပိုင်ရှင်တို့အား ပေးချေမှုတွေမှာ လက်ရှိ သတ်မှတ်လိုက်တဲ့ နှုန်းထားအတိုင်း ဆောင်ရွက်ရမယ်လို့ သိရပါတယ်။
ကုန်သေတ္တာတင်ယာဉ်သယ်ယူပို့ဆောင်စရိတ်များပြောင်းလဲကောက်ခံခြင်းမှာ အသင်းက ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ သဘောတူညီထားမှုအတိုင်း စက်သုံးဆီ တစ်လီတာ ကျပ် ၂၆၇၀ (တစ်ဂါလန်လျှင် ငွေကျပ် ၁၂၀၁၅)မှ တစ်လီတာ ကျပ် ၃၃၃၃ကျပ်(တစ်ဂါလန် ငွေကျပ် ၁၅၀၀၀)အတွင်း မည်သည့်ခရီးစဉ်မဆို ကုန်သေတ္တာယာဉ် ခရီးစဉ်တစ်ကြောင်းလျှင် ငွေကျပ် နှစ်သောင်းတိတိ ထပ်တိုးပေါင်းပြီး ကောက်ခံဆောင်ရွက်ဖို့ ဆုံးဖြတ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

Popular

0 comments:

Post a Comment