Wednesday, August 17, 2022

NLD ပါတီက စစ်ဆေးခံရမယ့်သူကို ဆက်သွယ်မရလို့ စစ်ဆေးဖို့ကြာနေတာလို့ စစ်ကောင်စီရဲ့ရွေး/ကော် ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေနဲ့ ရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး စစ်ဆေးခံရမယ့်သူတွေကို ဆက်သွယ်လို့မရတာကြောင့် စစ်ဆေးဖို့ကြန့်ကြာနေတာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ယနေ့ သြဂုတ်လ ၁၇ရက်နေ့ နေ့လည်ပိုင်းမှာပြုလုပ်တဲ့ ၁၉ကြိမ်မြောက် စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံရေးပါတီများစစ်ဆေးခြင်းနဲ့စပ်လျဉ်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုခဲ့တာဖြစ်ပါတယ်။
"NLD ပါတီရဲ့အနေအထားကတော့ စစ်ဆေးခံမယ့်ပုဂ္ဂိုလ်ကိုယ်တိုင်ကိုက ဖမ်းဆီးခံရတယ်၊ ထွက်ပြေးတိမ်းရှောင်၊ အဆက်အသွယ်မရ ဒီအတိုင်းအတာလေးမှာ နည်းနည်းကြာနေတာဖြစ်ပါတယ်။ သို့သော်လည်း မစစ်ဆေး အတည်မပြုဘဲနဲ့ ဆောင်ရွက်ဖို့ကလည်း ဥပဒေနဲ့အညီ ဆောင်ရွက်တယ်လို့ ပြောလို့မရပါဘူး"လို့ ၎င်းက ပြောပါတယ်။
ယခုလက်ရှိအချိန်မှာ နိုင်ငံရေးပါတီများ စစ်ဆေးခြင်းကို တစ်နှစ်တာကာလအတွင်း နိုင်ငံရေးပါတီစုစုပေါင်း ၈၅ပါတီကို စစ်ဆေးပြီးဖြစ်ကာ နိုင်ငံရေးပါတီ ၇ပါတီ စစ်ဆေးရန်ကျန်ရှိနေတယ်လို့ သိရပါတယ်။
အလားတူ စစ်ဆေးရန်ကျန်ရှိသည့် နိုင်ငံရေးပါတီများအနက် သတ်မှတ်ချက်အတိုင်း အကြောင်းကြားစာပေးပို့သော်လည်း ပျက်ကွက်မှုကြောင့် မြန်မာ့လူ့ဘောင်သစ်ပါတီကို တစ်နှစ်ယာယီရပ်ဆိုင်းထားခြင်းမျိုးရှိတယ်လို့ အထက်ပါပုဂ္ဂိုလက် ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

MyanmaPlatform

0 comments:

Post a Comment