Monday, August 15, 2022

အလားအလာကောင်းမွန်သော ရုရှားခရီးသွားဈေးကွက် ရရှိနိုင်ရန် ကြိုးပမ်းနေဟု ခရီးသွားဝန်ကြီးပြော

ယခုအခါ ဈေးကွက်အနေအထားအရ အလားအလာကောင်းမွန်တဲ့ ရုရှားခရီးသွားဈေးကွက်ကို ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ခရီးသွားလာရေးဝန်ကြီး ဒေါက်တာ ဌေးအောင်က ရုရှားဘာသာစကားသင်တန်းဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရုရှားနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ပေးခဲ့တာကြောင့် ရုရှားခရီးသွား ဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်ဖို့အတွက် အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာပြီလို့ ယင်းက ဆိုပါတယ်။
ဗီဇာကင်းလွတ်ခွင့်က ဇူလိုင်လ ၁ ရက်နေ့ကတည်းက စတင်တာဖြစ်လို့ ရုရှားခရီးသွားတွေကို လက်ခံဝန်ဆောင်မှုပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြဖို့၊ ဝန်ထမ်းတွေအနေနဲ့ ရုရှားဘာသာစကားကို လေ့လာသင်ယူကြဖို့ ဒေါက်တာဌေးအောင်က ညွှန်ကြားထားပါတယ်။
မန္တလေးတိုင်းဒေသကြီးနဲ့ ပြင်ဦးလွင်မြို့က ခရီးသွားလုပ်ငန်းနယ်ပယ်အတွက် ရုရှားခရီးသွားဈေးကွက်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိနေတာကြောင့် အဆင့်သင့်ဖြစ်ဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။
ထို့အပြင် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း မော်စကိုမှာ ကျင်းပပြုလုပ်မယ့် ခရီးသွားလုပ်ငန်းပြပွဲအတွင်း ပါဝင်ပြသပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သံရုံးတွေနဲ့ ချိတ်ဆက်ကာ ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
ယခင်က မြန်မာနိုင်ငံကို လာရောက်တဲ့ ရုရှားခရီးသွားဦးရေ အနည်းငယ်သာရှိခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရဆိုရင် တစ်နှစ်ကို ရုရှားခရီးသွားဦးရေ ၅,၀၀၀ ခန့်သာ လာရောက်လည်ပတ်ခဲ့ကြောင်း သိရှိရပါတယ်။

သတင်း - BETV Business
ပုံစာ - ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်၏ နေပြည်တော်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

0 comments:

Post a Comment