Tuesday, August 2, 2022

ရုရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်ရှိ

 


နိုင်ငံရေးအကျဉ်းသားများအား သေဒဏ်ကွပ်မျက်မှုကြောင့် စစ်ကောင်စီကို အာဆီယံနှင့် နိုင်ငံတကာက ဖိအားများပေးနေချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလဗ်ရောဗ် ယနေ့ နံနက်ပိုင်း၌ နေပြည်တော်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ယခု ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ခရီးစဉ်ကို ရုရှားနိုင်ငံဘက်က အလုပ်သဘောခရီးစဉ်ဟူ၍ ပြောဆိုထားပြီး ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံဘက်က ထုတ်ပြန်ထားသည်။
ခရီးစဉ်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံံရန်ရှိမရှိကို အတိအကျ မသိရှိရသေးပေ။
ရုရှားနိုင်ငံသည် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် သွားရောက်လည်ပတ်ခွင့်ရသော တခုတည်းသောနိုင်ငံဖြစ်ပြီး အာဆီယံ အပါအဝင် နိုင်ငံတကာက စစ်ခေါင်းဆောင်ကို အသိအမှတ်ပြု လက်ခံတွေ့ဆုံမှုများ မရှိချိန်တွင် စစ်ကောင်စီကလည်း ရုရှားနိုင်ငံနှင့်သာ နီးကပ်သော ဆက်ဆံရေးထူထောင်လျက် ရှိသည်။
ဓာတ်ပုံ - ရုရှားနိုင်ငံရေးဝန်ကြီးဌာန
ဧရာဝတီ

0 comments:

Post a Comment