Monday, August 15, 2022

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆နှစ် ထပ်မံချမှတ်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းနဲ့ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှုတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတဲ့ အမှု ၄မှု အတွက် ဒီကနေ့ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ပါတယ်။

ဒီကနေ့ ဩဂုတ် ၁၅ရက်မှာ နေပြည်တော်အချုပ်ထောင် အထူးတရားရုံးကနေ အမိန့်ချမှတ်လိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတွေကနေ သိရပါတယ်။
အမှု (၄)မှုအနက် နေပြည်တော်က လရောင်တောမြေနေရာနဲ့ပတ်သက်တဲ့ အဂတိအမှု ၃မှုအတွက် ထောင်ဒဏ် ၃နှစ်စီကို တပေါင်းတည်းကျခံရမှာဖြစ်ပါတယ်။ ကျန်တစ်မှုဖြစ်တဲ့ ရန်ကုန်၊ ဗဟန်းမြို့နယ်က အဆောက်အအုံမြေနေရာနဲ့ပတ်သက်ပြီး စွဲဆိုတဲ့ အဂတိအမှုတစ်မှုအတွက် ၃နှစ်သတ်မှတ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၆နှစ်သတ်မှတ်ခံရတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံရကတည်းက ဆက်တိုက်တရားစွဲဆိုခံခဲ့ရတဲ့ အမှု ၆မှုအတွက်လည်းထောင်ဒဏ် ၁၁နှစ်ချမှတ်ခံထားရပြီး ဖြစ်တာကြောင့် အခုဆို ထောင်ဒဏ် ၁၇ နှစ် ရှိလာပြီဖြစ်ပါတယ်။
ဒီကနေ့ ချမှတ်ခံရတဲ့ အဂတိအမှု ၄မှုဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နဲ့ နေပြည်တော်တို့မှာ အဆောက်အဦးနဲ့ မြေနေရာတွေ ရယူရာမှာ အဂတိလိုက်စားတယ်စွပ်စွဲချက်နဲ့ ချမှတ်ခဲ့တာဖြစ်ပါတယ်။

BBC

0 comments:

Post a Comment