Thursday, August 18, 2022

လေဖိအားနည်း ရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိပြီး လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်အများစုတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီး လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်အများစုတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သြဂုတ် ၁၈ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီ းဌာန၏ ထုတ်ပြနချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါလေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်မြောက်ဘက်သို့ရွေ့လျားပြီး လာမည့်ခြောက်နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့လည်းကောင်း၊ လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း ရောက်ရှိပြီး အနောက်-နောက်မြောက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏ အရှိန်ကြောင့် သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်းမှ သြဂုတ် ၂၀ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၃ ပေခန့်ရှိနိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက အသိပေးနှိုးဆော်ထားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။

မှတ်သားဖွယ်ရာ မိုး‌ရေချိန်များမှာ မာန်အောင်မြို့တွင် ၇ ဒသမ ၉၁ လက်မ၊ ငပုတောမြို့တွင် ၅ ဒသမ ၅၅ လက်မ၊ ဂွမြို့တွင် ၅ ဒသမ ၀၀ လက်မ၊ ညောင်တုန်းမြို့တွင် ၄ ဒသမ ၉၂ လက်မ၊ ဓနုဖြူမြို့တွင် ၄ ဒသမ ၅၈ လက်မ၊ ကြာအင်းဆိပ်ကြီးမြို့တွင် ၃ ဒသမ ၉၈ လက်မ၊ သံတွဲမြို့တွင် ၃ ဒသမ ၉၄ လက်မ၊ ကန်ကြီးထောင့်မြို့တွင် ၃ ဒသမ ၁၀ လက်မ၊ ပန်းတနော်မြို့တွင် ၃ ဒသမ ၀၇ လက်မ၊ ကျောင်းကုန်းမြို့တွင် ၂ ဒသမ ၉၅ လက်မ၊ ပုသိမ်မြို့တွင် ၂ ဒသမ ၉၁ လက်မ၊ လေးမျက်နှာမြို့တွင် ၂ ဒသမ ၉၀ လက်မနှင့် သာပေါင်းမြို့တွင် ၂ ဒသမ ၈၄ လက်မတို့ဖြစ်ကြကြောင်း သိရသည်။

လာမည့်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ-လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသည့် အခြေအနေအား ပြသထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-မိုးဇလ)

Eleven

0 comments:

Post a Comment