Wednesday, August 3, 2022

သေဒဏ်ကွက်မျက်ပြီးနောက် ရုပ်အလောင်းဖောက်ဖျက်ခြင်းသည် မတရားမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန် ခြင်း ဟု မနီလာသိန်း ဆို


သေဒဏ်ကွက်မျက်ပြီးနောက် ရုပ်အလောင်းများဖျောက် ဖျက်ပစ်ခြင်းသည် ကျန်မိသားစုနှင့် ကွက်မျက်ခံရသူ၏ လူ့အခွင့်အရေးအား သေဆုံးပြီးချိန်ထိ ဆက်လက်ချိုးဖောက်ခံရခြင်းဖြစ်ကြောင်း ဦးဂျင်မီ၏ဇနီးဖြစ်သူ မနီလာသိန်း က ယမန်နေ့က ၎င်း၏ လူမှုကွန်ယက်တွင်‌ ရေးသားထုတ်ပြန်ခဲ့သည်။
အချက် ၉ ချက်ပါသည့် ယင်းရေးသားထုတ်ပြန်မှုတွင် ‘သေဒဏ်’ ပေးခြင်းသည် ဥပဒေမဲ့ မတရားသတ်ဖြတ်မှုဖြစ် ကာ လူသတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း၊ သေဒဏ်ချမှတ်ခံထားရသူများအား ဆက် လက်ကွပ်မျက်မည့် သတင်းများလည်း ထွက်ပေါ်နေခြင်းကြောင့် ကိုဂျင်မီတို့ကဲ့သို့ ဖြစ်ရပ်များထပ်မံ မဖြစ်ပေါ်စေရန် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီအား ထိရောက်သည့် အရေးယူမှုများ ပြုလုပ် ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။
“နိုင်ငံတကာသံတမန်အသိုင်းအဝန်းများ၊ အာဆီယံနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများ မှ သေဒဏ်စီရင်မှုကို မလုပ်ဆောင်ရန် ဖိအားအမျိုးမျိုးပေးနေသည့် ကြားမှပင် ယခုကဲ့သို့ ပြောင်ပြောင်တင်း တင်း ကျူးလွန်လိုက်သည့် လူသတ်မှုသည် မြန်မာပြည် သူလူထုများ၊ တော်လှန်ရေး အင်အားစုများအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင်ဖြစ်သည်” ဟု ၎င်း၏ ရေးသားထုတ် ပြန်မှု၌ ဖော်ပြထားသည်။
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကျော်မင်းယု(ခေါ်) ဦးဂျင်မီသည် ယမန် နှစ် အောက်တိုဘာလအတွင်းတွင် စစ်ကောင်စီ၏ အ ကြမ်းဖက် စီးနင်းဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ထိုကာလမှ စ၍ ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ် ကွက်မျက်ခံရချိန်ထိ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ရပိုင်ခွင့်များကို မရရှိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် မိသားစုနှင့်တွေ့ဆုံခြင်း၊ ထောင်ဝင်စာပို့ခြင်း၊ ဆေးဝါးကုသခွင့်၊ မတရားစွပ်စွဲခံ ထားရသော အမှုများအတွက် ရှေ့နေပါဝါအပ်နှင်းခွင့် ရသည့် ရပိုင်ခွင့်များ ချိုးဖောက်ခံခဲ့ရပြီး ကွက်မျက်ခံရချိန်ထိ မိသားစုအား တရားဝင်အကြောင်းကြားမှု တစ်စုံ တစ်ရာမရှိခဲ့ကြောင်း မနီလာသိန်း ကဆိုသည်။
“အခု ကြိုးမိန့်ပေးခွင့်မရှိဘဲသတ်တယ်။ အလောင်းကို ပြန်ပေးရမယ်လို့ ဥပဒေက ပြောထားတယ်။ အခု ပြန်မ ပေးဘူး။ ဘယ်သူဘာလုပ်လို့ ရမလဲ။ အခုခြေနေက တရားဥပဒေနဲ့အညီပြောလာရင် အဲဒီလူရူးလို့ပြောတာပဲ” ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် လက်ရှိတွင်ပြည်တွင်း၌ စစ်ရာဇဝတ်မှုများအား နိုင်ငံအနှံ့ကျူးလွန်နေခြင်းဖြစ်ကာ ယင်းသို့ ကျူး လွန်နေမှုအပေါ် နိုင်ငံတကာက အချိန်နှင့်အမျှ မြင်တွေ့နေသော်လည်း ထုတ်ပြန်ချက်ထုတ်ရုံအပြင် မည်သို့မျှ လုပ်ဆောင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။
“ နိုင်ငံအနှံ့ နေ့စဉ်နဲ့အမျှ ကျုးလွန်နေကြတာပဲ။ ဒါကိုလည်း ကမ္ဘာကြီးက အချိန်ပိုင်းအတွင်း မြင်နေကြားနေကြရတာပဲ။ ဟိုအရင်ခေတ်လိုမမြင်ရလို့ မကြားရလို့မဟုတ်ဘူး။ ဗီဒီယိုဖိုင်သက်သေနဲ့တကွမြင်နေကြရတာပဲ။ ကြေညာချက်ထွက်ရုံကလွဲလို့ ဘာများလုပ်နိုင် ကြလို့လဲ” ဟု အဆိုပါ တရားလွှတ်တော်ရှေ့နေက သုံးသပ် ပြောကြားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသား ၇၆ ဦးကို သေဒဏ်၊ ၄၁ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ထားပြီး အသက်မပြည့်သေးသူ လူငယ်များ၊ တက္ကသိုလ်ကျောင်းသူ အမျိုးသမီးများပါဝင်သည်။

Burma Associated Press

0 comments:

Post a Comment