လူမှုကွန်ယက်စာမျက်နှာအသုံးပြု၍ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်အမည်ခံကာ ငွေကြေးလိမ်လည်တောင်းခံနေသည့် ပေ့ချ်တစ်ခုအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပေ့ချ်သည် ကျေးလက်ဖွံဖြိုးရေးဘဏ်ငွေချေးလုပ်ငန်းအမည်ဖြင့် လူမှုကွန်ယက်စာမျက်နှာ၌ ငွေချေးပေးမည်ဟုပြောဆိုကာ ငွေကြေးတောင်းခံနေသည်ကို တွေ့ရှိရသဖြင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးခဲ့ကြသည်။
ယင်း ကျေးလက်ဖွံဖြိုးရေးဘဏ်အမည်ခံ၍ ငွေကြေးလိမ်လည်တောင်းခံသူများသည် ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ ငွေချေးပေးခဲ့သူများဟုဆိုကာ လူအချို့၏ အမည်၊နေရပ်လိပ်စာ၊ဓာတ်ပုံများ၊အိမ်ထောင်စုဇယားများ၊မှတ်ပုံတင်များ၊ငွေကြေးပမာဏနှင့်ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကိုလည်း ရေးတင်ထားသည်ကို တွေ့ရှိခဲ့ရသည်။
ထို့သို့ ရေးတင်ထားပြီးနောက် ၎င်းတို့ထံဆက်သွယ်လာသူများအား ငွေချေးယူမည့် ပမဏအ လျောက် စာရွက်စာတမ်းကြေးနှင့်မိတ္တူဖိုးများအဖြစ် ကြိုတင်ငွေတောင်းခံမှုများပြုလုပ်ကြောင်း သိရသည်။
"ကျွန်တော်က လိုင်းပေါ်မှာတွေ့တယ် အွန်လိုင်းချေးငွေလုပ်ငန်းဆိုပြီးတင်ထားတာကို ဆက်သွယ်ကြည့်တော့ အနည်းဆုံး ၃ သိန်းချေးမယ်ဆိုရင် အရင်ဆုံးစာရွက်စာတမ်းကြေးဆိုပြီး ၂ သောင်းကျော်အရင်တောင်းလို့ ထပ်ပြီးမဆက်သွယ်တော့ဘဲထားလိုက်တာ လိုင်းပေါ်မှာတော့ အဲ့လိုချေးငွေလုပ်ငန်းဆိုပြီးလိမ်နေတဲ့ Page တွေအများကြီးတွေ့ရတယ်"ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တစ်ဦးကပြောသည်။
ထိုသို့ ဖြစ်ပေါ်နေမှုများနှင့်ပတ်သက်၍ ကျေးလက်ဖွံဖြိုးရေးဘဏ်သည် လူမှုကွန်ယက်စာမျက်နှာမှတဆင့် Customer များ၏အချက်အလက်များတောင်းခံခြင်း၊ ငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ချေးငွေလုပ်ငန်းဆောင်ရွက်ခြင်းများမရှိကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ကျေးလက်ဖွံဖြိုးရေးဘဏ်အယောင် ဆောင်ကာ ငွေကြေးလိမ်လည်သူများအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကာ Customer များအနေဖြင့်လည်း သတိပြုနိုင်စေရန်နှင့်ငွေကြေးလုံခြုံမှုရှိစေရန်၊လိမ်လည်သူများ၏ အကြံစည်မခံရစေရန် အထူးအလေးထားနိုင်ရေးအတွက် အသိပေးရေးသားထားသည်။
0 comments:
Post a Comment