ဧရာဝတီတိုင်းမှာ စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကို ဆီဆိုင်မပိတ်ဖို့၊ဈေးတင်မရောင်းဖို့၊ အကန့်အသတ်နဲ့ မရောင်းဖို့ဆိုပြီး ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေးသတိပေးပြောဆိုနေပြီး သတိပေးချက်တွေမလိုက်နာရင် အရေးယူမယ်လို့သတိပေးလာတယ်လို့ဒေသခံစက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။
စက်သုံးဆီရောင်းချတဲ့ဆိုင်တွေကို လိုက်ပြီး စစ်ဆေး သတိပေးတာဟာ စက်သုံးဆီတွေကို မရောင်းဘဲ သိုလှောင်ထားတာနဲ့ ဈေးတင်ရောင်းတာ၊ ဆိုင်ပိတ်ထား တာ စက်သုံးဆီတွေဆီပြတ်လပ်နေတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာသတင်းတွေဖြန့်နေတာနဲ့ ပတ်သက်လို့စစ်ဆေးအရေးယူဖို့ သတိပေး စစ်ဆေးနေတာဖြစ်တယ်လို့သိရပါတယ်။
''ဘယ်သူက မရောင်းချင်ဘဲနေမလဲ ဆီကမရှိမှ မရှိတာ လိုသလောက်မှမရတာ၊ ဒါကိုအရေးယူမယ်ဆိုပြီး ထလုပ်သေး။ဆီမရှိဘဲ ဆိုင်ကိုလည်းဖွင့်ခိုင်းသေးတယ် ၊နီးရာဓားကြောက်နေတာအရေးယူမယ်ဆိုဒါကြီးဘဲ၊ကိုယ်အသုံးမချလို့ ကုန်ဈေးနှုန်းတွေထိုးတက်နေတာ တော့မလုပ်ဘဲ၊သာမာန်သူတွေဘဲ အရေးယူဖို့လုပ်နေကြတာ''လို့ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
စစ်ဆေးသတိပေးတဲ့အဖွဲ့မှာစစ်ကောင်စီလက်အောက်ခံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့၊မီးသတ်တပ်ဖွဲ့၊ စစ်တပ်၊လူဝင်မှုကြီးကြပ်ရေးဌာန၊စားသုံးသူရေးရာဌာန၊ သစ်တောဦးစီးဌာနနဲ့မြို့နယ်အဆင့်တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကစစ်ဆေးသတိပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဧရာဝတီတိုင်းမှာ စက်သုံးဆီ ဒီဇယ်နဲ့ဓာတ်ဆီတွေ ပြတ်လပ်မှုကြောင့် ဆီဆိုင် ၄၇ ဆိုင်အရောင်းရပ်ဆိုင်းထားရပြီး သြဂုတ် ၇ ရက်ကနေ ယခုရက်ပိုင်းအတွင်း ဓာတ်ဆီ 92တစ်လီတာ ၃၁၀၀ ကျပ်၊ဓာတ်ဆီ 95 တစ်လီတာ ၃၃၅၀ ကျပ်၊ ဒီဇယ်တစ်ဂါလံ ၂၇၆၅၀ ကျပ်ဈေးပေါက်နေတယ်လို့စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။
0 comments:
Post a Comment