ပါတီဒုတိယဥက္ကဌ သုံးဦးဖြစ်သည့် ဦးခင်ရီ၊ ဦးလှထွန်းနှင့် ဦးမြတ်ဟိန်းတို့တွင် ဦးလှထွန်းနှင့် ဦးမြတ်ဟိန်းတို့က တာဝန်မှ အနားယူတော့မည်ဟု သတင်းများ ထွက်နေသလို အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းလည်း အနားယူမည် ဖြစ် သည်။
ပြီးခဲ့သည့် ဇွန်လဆန်းတွင် ကျင်းပသော ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှစ၍ ပါတီတွင်း အကွဲအပြဲအား ထင်ထင်ရှားရှား မြင်လာရသည်။လက်ရှိပါတီ ခေါင်းဆောင်များထဲတွင် အာဏာသိမ်း စစ်ခေါင်းဆောင်အား သမ္မတအဖြစ် လိုလားသောအုပ်စုနှင့် မလိုလားသော အုပ်စုဟူ၍ အုပ်စုနှစ်စု ကွဲနေခြင်းဟု ဆိုနိုင်သည်။
အထူးသဖြင့် ရာထူးအာဏာ အခွင့်အလမ်းအား မျှော်မှန်းခွင့် ရသည့်အခါ ပါတီတွင်း အကွဲအပြဲ ဖြစ်လာလေ့ ရှိသည်ဟု လည်း ဆိုနိုင်သည်။ စစ်ကောင်စီမှ ကျင်းပမည်ဟု ပြောဆိုထားသော ၂၀၂၃ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနေဖြင့် အစိုးရဖွဲ့နိုင်သည့် အလားအလာ ရှိနေသည်။
လူထု ထောက်ခံမှုရှိသည့် NLD ပါတီအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည့် အလားအလာ မရှိသည့်အတွက် ကြံခိုင်ရေး ပါတီ သည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သလိုမျိုး နောက်တကြိမ် အနိုင်ပြန်ရလိမ့်မည်ဟု ပါတီ ခေါင်းဆောင်ပိုင်းက မျှော် လင့်နေကြသည်။
ထို့အပြင် ၂၀၂၃ ရွေးကောက်ပွဲတွင် PR (အချိုးကျ ကိုယ်စားပြုစနစ်) ကျင့်သုံးမည် ဖြစ်သည့် အတွက် ကြံ့ခိုင်ရေး ပါတီ အနေဖြင့် သမ္မတ ရွေးချယ်သော ပြည်ထောင်စုလွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း အထက် အနိုင်ရရှိနိုင်မည်ဟု ပါတီ ခေါင်း ဆောင်ပိုင်းက ယုံကြည်ထားကြသည်။ စစ်တပ်၏ ၂၅ ရာခိုင်နှုန်းမပါဘဲ အစိုးရဖွဲ့နိုင်သည့် ပမာဏ အနိုင်ရလိမ့်ဟု မျှော် လင့်နေကြသည်။
ထိုကဲ့သို့ ကြံ့ခိုင်ရေးပါတီအနေဖြင့် အစိုးရဖွဲ့နိုင်မည်ဟု မျှော်လင့်ချက်နှင့်အတူ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီ ဝင်အချို့အကြား ရာထူးအာဏာအတွက် အိပ်မက်ကိုယ်စီ မက်လာနေကြပြီ ဖြစ်သည်။
ထိုအိပ်မက်နှင့်အတူ ဆရာမွေး၊ တပည့်မွေး အုပ်စုဖွဲ့အားပြိုင်မှုများ ဖြစ်လာကြသည်။ ၂၀၂၃ ရွေးကောက်ပွဲတွင် ဦးသန်း ဌေး သမ္မတ ဖြစ်လာပါက ဦးသန်းဌေးအား ထောက်ခံသည့်အုပ်စုဝင်များသည် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ ဖြစ်လာနိုင်သည်။ ထို့အပြင် ဒုဝန်ကြီး ရာထူးနှင့် ညီမျှသော သမ္မတက ခန့်အပ် သည့် ဒုဝန်ကြီးများ၊ ကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်လာနိုင်သည်။
ထိုကဲ့သို့ အာဏာ အခွင့်အလမ်းကို မြင်လာရသောအခါ ပါတီတွင်း ရာထူးအာဏာအတွက် အုပ်စုဖွဲ့အားပြိုင် လာကြခြင်း ဖြစ်သည်။
ထိုသို့အုပ်စုဖွဲ့ အာဏာလုသည့် အဖြစ်အပျက်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပရန် လပိုင်းအလို ကြံ့ခိုင်ရေးပါတီ တွင် ဖြစ်ခဲ့သည်ကို ပြန်ပြောင်း သတိရစရာပင် ဖြစ်သည်။ ထိုစဉ်က ၂၀၁၀ ခုနှစ်တွင် ပါတီဥက္ကဌလုပ်ခဲ့သော ဦးသိန်းစိန်မှာ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဖြစ်လာသည့်အခါ ပါတီဥက္ကဌရာထူးမှ နုတ်ထွက်ခဲ့သည်။
ထို့နောက် ပါတီဥက္ကဌ ရာထူးအား သူရဦးရွှေမန်းမှ လွှဲပြောင်းတာဝန်ယူဆောင်ရွက်လာခဲ့ရာ ငါးနှစ်တာအတွင်း သူရ ဦးရွှေမန်းသည် ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ခဲ့သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲ နီးလာသည့်အခါ သမ္မတ သက်တမ်းတကြိမ်သာလုပ်မည်ဟု ပါတီခေါင်းဆောင် အချို့အား နှုတ်ကတိပေးထားသော သမ္မတဦးသိန်းစိန်မှာ ဒုတိယအကြိမ် သမ္မတတာဝန်ထမ်းဆောင်လိုသည်ဟု ပြင်ဆင် ပြောဆိုလာ ခဲ့သည်။
အထူးသဖြင့် ဦးသိန်းစိန်အား ထောက်ခံသော ပြည်ထောင်စုဝန်ကြီးအချို့၊ ကြံခိုင်ရေး ပါတီ ခေါင်းဆောင်အချို့နှင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC)မှ ခေါင်းဆောင်များက သမ္မတရာထူးအား ဒုတိယအကြိမ် ထမ်းဆောင်ရန် သမ္မတဦးသိန်းစိန် အား တိုက်တွန်းပြောဆိုလာကြသည်။
ဦးသိန်းစိန် ဒုတိယအကြိမ် သမ္မတဖြစ်မှသာ သူတို့အတွက် ရာထူးအာဏာလုပ်ပိုင်ခွင့် ပိုမိုရရှိလာမည်ဖြစ်သည်။
ထို့အတူ ၂၀၁၁ ခုနှစ်မှစ၍ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ တာဝန်ယူထားသော သူရဦးရွှေမန်းသည်လည်း သမ္မတ လုပ်ချင်သည် ဟု ပြောဆိုလာခဲ့သည်။ သူတို့နှစ်ဦး သမ္မတဖြစ်ချင်သည့်ကိစ္စမှစ၍ ပါတီတွင်း အုပ်စုဖွဲ့အားပြိုင် လာခဲ့ကြသည်။
ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီထဲမှ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံသောအုပ်စုသည် ပြည်ထောင်စု လွှတ်တော်တွင် အများအပြား အနိုင်ရခဲ့ပါက ဦးသိန်းစိန် သမ္မတ ဖြစ်နိုင်လာသလို သူရဦးရွှေမန်းအား ထောက်ခံသောအုပ်စုမှ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် အများစု အနိုင်ရလာပါက သူရဦးရွှေမန်းသမ္မတ ဖြစ်လာမည် ဖြစ်သည်။
ထိုအတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းနှင့် မဲဆန္ဒနယ် သတ်မှတ်ခြင်း ကိစ္စသည် အရေးပါလာခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်အုပ်စုနှင့် သူရဦးရွှေမန်းအုပ်စု တို့ အားပြိုင်ခဲ့ကြသည်။
ကြံ့ခိုင်ရေးပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ရွေးချယ်ရေးနှင့် မဲဆန္ဒနယ် သတ်မှတ်ရေးကိစ္စတွင် သူရ ဦးရွှေ မန်းနှင့် ဦးသိန်းစိန်တို့ ညှိမရ ဖြစ်ခဲ့သည်။ ဦးသိန်းစိန်၏ ဘယ်လက်ရုံးနှင့် ညာလက်ရုံး သမ္မတရုံးဝန်ကြီးများ ဖြစ်သော ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် သူတို့ရွေးချယ်ခံခဲ့ရသည့် မြို့နယ်များမှ ဝင်ရောက် အရွေးမခံ တော့ဘဲ လူဦးရေနည်းပြီး နိုင်ခြေများသည့် ကယားပြည်နယ်တွင် ဝင်ရောက်ရွေးချယ်ရန် အဆိုပြုလာခဲ့သည်။
သို့သော် သူရဦးရွှေမန်းနှင့် ပါတီခေါင်းဆောင်များက လက်မခံခဲ့ပေ။
ထိုနောက် ရွေးကောက်ပွဲ ကော်မရှင်သို ပါတီက ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း ရန် ရက်ပိုင်းအလို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ အကာလ ညသန်းခေါင်းယံည အချိန်တွင် သူရဦးရွှေမန်းနှင့် အပေါင်းအပါများ အား ပါတီဥက္ကဌရာထူးမှ အင်အားသုံးဖယ်ရှားခဲ့သည်။ ထိုအချိန်က တပ်ချုပ်၏ ထောက်ခံမှုရရှိထား သော ဦးသိန်းစိန်က စစ်တပ်အကူအညီဖြင့် ပါတီဌာနချုပ်အား ဝင်ရောက်စီးကာ အာဏာသိမ်းလိုက်သည်။
ထိုကဲ့သို့ကြံခိုင်ရေး ပါတီတွင်း အာဏာသိမ်းမှုကြီး ဖြစ်ပွားပြီးနောက် သမ္မတဦးသိန်းစိန်အစိုးရတွင် တာဝန် ထမ်းဆောင်နေ သော ပြည်ထောင်စုဝန်ကြီး အချို့အား ရာထူးမှ အနားပေးခဲ့သည်။ ယင်းအနားပေးခဲ့သော ဝန်ကြီးများကို နောက်တရက် တွင် ကြံခိုင်ရေးပါတီ၏ ထိပ်တန်းရာထူးများ ပြန်ပေးခဲ့သည်။
ထိုကဲ့သို့ အဖြစ်အပျက်မျာ အပြီး ၇နှစ်အကြာ ကြံ့ခိုင်ရေးပါတီတွင် အုပ်စုဖွဲ့ အားပြိုင်မှုများ ဖြစ်လာပြန်သည်။ လက်ရှိပါတီ ဥက္ကဌ ဦးသန်းဌေးအား ရာထူးမှာ အနားယူရန် လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ ဖြစ်ကြသည့် ဦးမောင်မြင့် (မင်းကင်း)၊ ဦးလှဆွေ (ဘူးလက် )တို့က ပေါ်ပေါ်တင်တင် ဝေဖန်ပြောဆိုလာခဲ့သည်။
လက်ရှိ ပါတီဥက္ကဌ ဦးသန်းဌေးသည် ဥက္ကဌ တာဝန်ယူထားသည်မှာလည်း ငါးနှစ်ပြည့်နေပြီ ဖြစ်၍ အသစ်ပြန်လည် ရွေး ချယ်ရမည့်အချိန်လည်း ဖြစ်သည်။
ယခုတကြိမ်တွင် လက်ရှိပါတီဥက္ကဌ ဦးသန်းဌေးအား လိုလားသူများနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား မဏ္ဍိုင်ပြုကာ လှုပ်ရှားလိုသူများအကြား အားပြိုင်နေခြင်း ဖြစ်ပြီး၊ လာမည့် ၂၀၂၃ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် လက်ရှိပါတီ ဥက္ကဌ ဦးသန်းဌေးအား သမ္မတဖြစ်ရန် လိုလားသူများနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သမ္မတအဖြစ် တင်မြှောက်ရန် ကြံစည်နေသည့် အုပ်စုနှစ်ခုကြား ပြဿနာဟု ဆိုရမည်။
လက်ရှိ ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးသန်းဌေး၏ ညံ့ဖျင်းမူ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ရှုံးနိမ်ခဲ့ရာ ထို့အတွက် စစ်တပ်က အာဏာသိမ်းခဲ့ရသောကြောင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အချို့က လက်ရှိစစ်ခေါင်းဆောင်အား ၂၀၂၃ ရွေးကောက်ပွဲအပြီးတွင် စစ်ခေါင်းဆောင်ရာထူးမှ အငြိမ်းစားယူကာ သမ္မတအဖြစ် တင်မြှောက်လိုကြခြင်းဖြစ်သည်။
သို့သော် ပါတီတွင်း စီနီယာခေါင်းဆောင်အချို့ကမူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ၂၀၂၃ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့တွင် သမ္မတလုပ်လိုပါက အာဏာရှင်ဟောင်း ဦးသန်းရွှေ ချမှတ်ခဲ့သည့် မူအတိုင်း နိုင်ငံရေးလုပ်ချင်ပါက စစ်တပ် ကထွက်၍ ပါတီသို့ ဝင်ကာ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်ခြင်းမျိုး ဖြစ်စေချင်သည်။
လက်ရှိအားပြိုင်နေသာ အုပ်စုနှစ်စုအတွက် အဆုံးအဖြတ်မှာ မကြာခင်ကျင်းပမည့် ပါတီညီလာခံ ဖြစ်နေသည်။ အဆိုပါ ညီလာခံတွင် ဦးသန်းဌေးအား လိုလားသည့်အုပ်စုက ပါတီဗဟိုအလုပ်အမှုဆောင်နေရာ အများစု အရွေးချယ်ခံရပါက ၎င်းအနေဖြင့် ပါတီ ဥက္ကဌ ပြန်ဖြစ်လာနိုင်သည်။
သို့တည်းမဟုတ် စစ်ခေါင်းဆောင်ကို လိုလားသောအုပ်စုက ပါတီဗဟိုအလုပ်အမှုဆောင်နေရာ အများစုအရွေးချယ်ခံရလျှင် စစ်ခေါင်းဆောင်အား လိုလားသည့် အမည်ခံတဦး ပါတီဥက္ကဌ ဖြစ်လာနိုင်သည်။
ထို့အတွက် မကြာမီကျင်းပမည့် ပါတီညီလာခံတွင် မည်သည့်အုပ်စုက နေရာအများဆုံးရမည် ဆိုသည်မှာ အဆုံးအဖြတ် တခု ဖြစ်လာသည်။
ဦးသန်းဌေးကို လိုလားသည့်အုပ်စုက ပါတီဥက္ကဌရာထူးနှင့် အရေးပါသောနေရာများအား ရယူနိုင်ပါက ၂၀၂၃ ရွေးကောက် ပွဲ တွင် သူတို့အုပ်စုမှ ပါတီဝင်အများစုအား ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ပြုလုပ်ခွင့် ရမည် ဖြစ်သည်။
ထိုကိုယ်စားလှယ်များမှ တဆင့်သမ္မတ ရွေးချယ်မည်ဖြစ်ပြီး ထို့အတူ သမ္မတမှ သူလိုလားသူအများစုအား အစိုးရအဖွဲ့ဝင် ရာထူးအာဏာများ ပေးနိုင်မည်ဖြစ်သည်။
ယင်းသို့မဟုတ်ပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လိုလားသည့်အုပ်စုမှ ပါတီဥက္ကဌ ရာထူးနှင့် ပါတီ ထိပ်တန်းရာထူးများ ရလာပါက ထိုသူများကလည်း စစ်တပ်ကိုလိုလားသည့်သူများအား ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအဖြစ်ရွေးချယ်ကာ ထိုသူများမှတဆင့် စစ်ခေါင်းဆောင်အား နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်ကြမည်ဖြစ်သည်။
လက်ရှိ အချိန်တွင်လည်း စစ်တပ်က ပို့လိုက်သည့် ပါတီဦးဆောင်ပိုင်းတွင် ပါဝင်လိုသူစာရင်းတခုလည်း ကြံ့ခိုင်ရေး ပါတီတွင် ရောက်ရှိနေနိုင်သည်။
သို့သော် လွန်ခဲ့သောတလခန့်မှစ၍ လက်ရှိ ပါတီဥက္ကဌ ဦးသန်းဌေးမှာ ခါးနှင့်သက်ဆိုင်သော ကျန်းမရေးမကောင်းသဖြင့် ဆေးကုသခံယူနေပြီး ရုံးမတက်နိုင်ပဲ ဖြစ်နေရာ ထိုအခြေအနေတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လဝက ဝန်ကြီး ဦးခင်ရီအား ဝန်ကြီးရာထူးမှ အနားပေးကာ ပါတီတာဝန်များ ပြန်လည်ထမ်းဆောင်စေခဲ့သည်။
ဦးခင်ရီသည့် သမ္မတဦးသိန်းစိန် လက်ထက်က လဝက ဝန်ကြီးတာဝန်ယူခဲ့ဖူးသူ ဖြစ်ကာ စစ်တပ်ထောက်ခံပွဲများအား ဦးဆောင်လုပ်ပေးရသူလည်း ဖြစ်သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူလည်း ဖြစ်သည်။ လက်ရှိ ကြံ့ခိုင်ရေးပါတီတွင်လည်း ဒုဥက္ကဌ တာဝန်ယူထားသူလည်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ရာထူးမှ အနားယူပြီး နောက်တနေ့ ဦးခင်ရီသည် ကြံ့ခိုင်ရေး ပါတီဌာနချုပ်တွင် ရုံးတက်သည့်အခါ ပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင်တချို့က ထွက်ကြိုဆိုခဲ့သည်မှာလည်း ထူးခြားမှု ဖြစ်နေသလို အခြားတစ်ဖက်တွင် ဦးခင်ရီ ပါတီတွင် ပြန်လည်ရုံးတက်လာပြီးနောက် လက်ရှိ ပါတီဗဟိုအလုပ်အမှုဆောင်အချို့သည် ပါတီမှ အနားယူမည် ဆိုသူများ လည်းရှိသည်။
လက်ရှိအခြေအနေတွင် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း၌ စစ်ခေါင်းဆောင်ကို လိုလားသည့်အုပ်စုက အားသာ နေသည် ဟု သုံးသပ်နိုင်ပါသည်။
ထို့အတွက် မကြာမီ ကျင်းပရန်ရှိသည့် ပါတီညီလာခံတွင် စစ်ခေါင်းဆောင်အား သမ္မတအဖြစ် လိုလားသောအုပ်စုမှ အသာ စီးရခဲ့ပါက စစ်တပ်၏ မဟာမိတ်ပါတီအဖြစ်ထူထောင်ခဲ့သော ကြံ့ခိုင်ရေးပါတီသည် စစ်တပ်၏ လက်ဝေခံပါတီအဖြစ်သို့ ပြောင်းလဲကာ အဆင့်လျှော့ကျသွားတော့မည်မှာ အသေအချာအပင် ဖြစ်ပေတော့သည်။
ဧရာဝတီ
0 comments:
Post a Comment