Wednesday, August 17, 2022

သေဒဏ်ပေးတာတွေကို ဆိုင်းငံ့ထားပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကုလကိုယ်စားလှယ်က စစ်ကောင်စီဥက္ကဌနဲ့တွေ့ဆုံစဉ်ပြော

သေဒဏ်ပေးတာတွေကို ဆိုင်းငံ့ထားဖို့နဲ့ ထိန်းသိမ်းခံထားရတဲ့ လူငယ်တွေအပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က  စစ်ကောင်စီဥက္ကဌနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက လူမှုစီးပွားနဲ့နိုင်ငံရေး၊ လုံခြုံရေးအကျပ်အတည်းတွေ အပေါ်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အထူးပဲစိုးရိမ်နေပြီး မြန်မာပြည်သူအနေနဲ့ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကြောက်တရားကင်းစွာရရှိဖို့ ကြိုးပမ်းဆောင်ရွက်ရမှ ဖြစ်သလို  ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တဲ့ လုပ်ရပ်ဖြစ်တဲ့ ဒီမိုကရေစီရေးလှု ပ်ရှားသူတွေကို လတ်တလော သေဒဏ်ပေးအပြီး နောက်လာမယ့် ကွပ်မျက်မှုအားလုံးကို တရားဝင် ဆိုင်းငံ့ထားဖို့အပါအဝင် ၊ ထိန်းသိမ်းခံထားရတဲ့လူငယ်တွေအပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်းတိုက်တွန်းခဲ့တယ်လို့ ဩဂုတ် ၁၇ ရက်နေ့က နေပြည်တော်မှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံမှု အပြီးမှာပဲ ကုလအတွင်းရေးမှူးချုပ်မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzerကြေညာချက်ထုတ်ပြန်လိုက်တာပါ။

အထူးကိုယ်စားလှယ် Noeleen Heyzer က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ဟာ မြန်မာမှာ လူသားချင်းစာနာထောက်ထားမှု၊ လုံခြုံရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေပြီး ကုလသမဂ္ဂအနေနဲ့ အခုလို လာရောက် ထိတွေ့ဆက်ဆံမှုက ဘယ်လိုနည်းနဲ့မှ အစိုးရအဖြစ် တရားဝင်မှု၊ အသိအမှတ်ပြုမှု မဟုတ်ဘူးဆိုတာကိုလည်း ပြောချင်ပါတယ်လို့ ထည့်သွင်းပြောကြားခဲ့ တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ယင်းအပြင် အကြမ်းဖက်မှုပုံစံ အားလုံးကို ချက်ခြင်းရပ်တန့်ရန်၊ လူ့အခွင့်အရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို အပြည့်အဝ လေးစားလိုက်နာရန်နှင့် လိုအပ်နေသူအားလုံးအတွက် ဘေးကင်း လုံခြုံပြီး လူသားချင်းစာနာမှု အပြည့်အဝရရှိရေးတို့အတွက် လုံခြုံရေးကောင်စီမှ နောက်ဆုံးတောင်းဆိုချက်ကို အကောင်အထည်ဖော်ဖို့ ထပ်မံတိုက်တွန်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ကုလအထူးကိုယ်စားလှယ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရရှိဖို့ တောင်းဆိုခဲ့ပြီး   သူမအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ဂရုစိုက်ပြီး သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးမှုတွေအတွက် အရေးပါတဲ့ အစုအဖွဲ့လို့ ယုံကြည်တဲ့အတွက်ကြောင့်   အမြန်ဆုံး တွေ့ဆုံခွင့်ရချင်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေရေးထိုင်ရေးအတွက် အရမ်းစိုးရိမ်မိပြီး ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment