Wednesday, August 17, 2022

စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံမည်

 

အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ထပ်မံ တွေ့ဆုံသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၁၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ နဲ့ အခုလအတွင်း ထပ်မံတွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေကြောင်းနဲ့ တွေ့ဆုံပြီးပါက စက်တင်ဘာလအတွင်း ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ စစ်ကောင်စီဘက်က EAOs တွေကို ဩဂုတ်လအတွင်းတွေ့ဆုံဖို့ အကြောင်းကြားလာတာ မရှိသေးတဲ့အတွက် ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုတင်ညှိနှိုင်းထားတာ မရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီနဲ့ တွေ့ဆုံရင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့လုံးနဲ့ တစ်ခါတည်း တွေ့ဆုံနိုင်ရေး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီက ဖိတ်ခေါ်လို့ သွားရောက် တွေ့ဆုံတဲ့ အခြေအနေမျိုးမဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့လတုန်းကဆို ပုဂ္ဂိုလ်ကြီး လေးယောက်ကို ကြိုးမိန့်ပေးလိုက်တဲ့ကိစ္စမှာ ပြည်တွင်းမှာလည်း ရိုက်ခတ်မှုတွေက တော်တော်လေးရှိနေတယ်။ပြည်ပမှာလည်း ထိုနည်းလည်းကောင်းပေါ့။အဲဒီအတွက် နောက်တစ်ကြိမ်တွေ့ဆုံမယ့် အခင်းအကျင်းပေါ်မှာတော့ တစ်စုံတစ်ရာ အတိုင်အတာတစ်ခုထိ အကျိုးသက်ရောက်မှုတော့ ရှိမယ်။ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့။လက်ရှိဒီကနေ့အထိကတော့ အစည်းအဝေးမှာ ပြောတာကလွဲလို့ ဘယ်အဖွဲ့တွေကို ဘယ်နေ့ မှာတွေ့မလဲဆိုတဲ့ တရားဝင် အကြောင်းကြားတာလည်း မရှိဘူး။ဖိတ်ထားတာလည်း မရှိဘူး။ကျွန်တော်တို့ အနေနဲ့ PPST ထဲမှာတော့ နောက်တစ်ကြိမ်တွေ့ဆုံမယ့် အခင်းအကျင်းကျရင် တစ်ဖွဲ့ချင်းတွေ့တာ မဟုတ်ဘဲ စုပေါင်းပြီး တွေ့နိုင်တဲ့ အခင်းအကျင်းဖြစ်အောင်လည်း ကြိုးပမ်းပြီး လုပ်ဆောင်သွားမယ်”လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုပါတယ်။
အပစ်ရပ်ထိုးထားတဲ့PPST ဟာ နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ့် အခင်းအကျင်း တစ်ရပ် ဖြစ်ပေါ်လာဖို့နဲ့ ပါဝင်သင့်ပါဝင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကြိုးပမ်းသွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ အပစ်ရပ်အဖွဲ့တွေထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီKNU/KNLA(PC) ၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ မွန်ပြည်သစ်ပါတီ (NMSP)တို့ ပါဝင်ပါတယ်။
အပစ်ရပ် လက်မှတ်မရေးထိုရသေးတဲ့ အဖွဲ့တွေမှာတော့ မိုင်းလားအဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နဲ့ 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)တို့ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAOs) တွေကို ဒုတိယအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် တက်ရောက်ဆွေးနွေးဖို့ အကြောင်းပြန်တဲ့ အဖွဲ့တွေ မရှိသေးဘူးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ဝန်ခံထားပါတယ်။
သတင်း - သံလွင်တိုင်းမ်

0 comments:

Post a Comment