Monday, August 29, 2022

စကစမှ ထိန်းချုပ်ရန်ကြိုးပမ်းသော်လည်း ပြင်ပတွင်ရွှေဈေး ၂၉ သိန်းကျော်အထိမြင့်တက်


ရည်ညွှန်းဈေးအတိုင်းသာရောင်းချရန် ရွှေလုပ်ငန်းရှင်များအား စကစမှ ပြောဆိုထားသော်လည်း ယနေ့ ဩဂုတ်လ ၂၉ ရက်တွင် ပြင်ပရွှေတစ်ကျပ်သား ၂၉ သိန်းကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသည်။

အာဏာသိမ်းစစ်ကောင်စီမှဖွဲ့စည်းထားသည့် ရွှေနှင့်ငွေကြေးဈေးကွက်လုပ်ငန်းကော်မတီမှ ရွှေလုပ်ငန်းရှင်များအား ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၂နာရီတွင် ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ ရွှေသန့်စင်လုပ်ငန်း၊ ရွှေလှော်ဖိုလုပ်ငန်းရှင်တို့အပြင် ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်တို့ရှိ ရွှေလုပ်ငန်းရှင်အသင်းများကိုပါ ခေါ်ယူခဲ့ကြောင်းသိရသည်။
" ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းဈေးအတိုင်းသာရောင်းချပေးဖို့ပြောဆိုခဲ့တယ်၊ တခြားဈေးနှုန်း သတ်မှတ်ပေးတာမျိုးတော့ မရှိခဲ့ဘူး၊ တတ်နိုင်သလောက် ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းဈေးကို အနည်းငယ်ခွာပြီး အရောင်း၊ အဝယ်လုပ်ဖို့ပဲ ပြောတယ်" ဟု ယင်းအစည်းအဝေးတက်ရောက်ခဲ့သည့် ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့ ဩဂုတ်လ ၂၉ ရက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၀၂၇,၀၀၀ ( နှစ်ဆယ်သိန်း နှစ်သောင်း ခုနစ်ထောင်) ဖြင့်ဈေးကွက်စဖွင့်ခဲ့ပြီး၊ ကျပ် ၂,၀၂၁,၀၀၀ ( နှစ်ဆယ်သိန်း နှစ်သောင်း တစ်ထောင် ) ဖြင့် ဈေးကွက်ပိတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရည်ညွှန်းဈေးများဖြင့် အရောင်းအဝယ်ပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ယနေ့ ဩဂုတ်လ ၂၉ ရက် ပြင်ပရွှေဈေးမှာ ကျပ် ၂,၉၁၅,၀၀၀/- ( နှစ်ဆယ့်ကိုးသိန်း တစ်သောင်း ငါးထောင်) ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

0 comments:

Post a Comment