Saturday, May 3, 2014

စစ်မှန်သောငြိမ်းချမ်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန် လိုအပ်ဟု ကေအင်န်ယူ ဗဟိုကော်မတီဝင် ပြောကြား


စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အဓိကအရေးကြီးသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ပြီး အထက်အဆင့်ဆင့်သာမက အောက်ခြေ ပြည်သူတစ်ရပ်လုံး ပါဝင်သွားရမည်ဖြစ်ပြီး
ငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ပုသိမ်မြို့တွင်ကျင်းပသည့် ကရင်အမျိုးသားငြိမ်းချမ်းရေးဆွေး နွေးပွဲအပြီးတွင် မီဒီယာများအား KNU ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောသမိန်ထောက ပြောကြားသည်။

ပြည်နယ်တိုင်းဒေသကြီးများ အလှည့်ကျပြုလုပ်သည့် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီဆွေးနွေးပွဲကို မေ ၂ ရက်နှင့် ၃ ရက်တွင် ပုသိမ်မြို့ ယိုးဒယားကုန်းလမ်း၊ စကောကရင်သာသနာဝန်းရှိ လူထုအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲအပြီး၌ သတင်းမီဒီယာများနှင့် တွေဆုံစဉ်တွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ငြိမ်းချမ်းရေးဟာ နိုင်ငံရေးအဖွဲ့အစည်းတွေသာမက ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဖို့ ပိုမိုလိုအပ်တယ်။ ခုချိန်က အပစ်အခတ် လုံးဝရပ်စဲရေးအတွက် ဆွေးနွေးနေတဲ့ ကာလ၊ ဒီအပစ်အခတ်ရပ်စဲသွားမှ ဖွံ့ဖြိုးရေးတွေဆက်ပြီး ဆောင်ရွက်လို့ရမှာ။ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးတွေရှိဖို့က အဓိကအရေးကြီးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီနည်းလမ်းတကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာ လူထုလူတန်းစားပေါင်းစုံ အားလုံးသဘောတူ လက်ခံထားတဲ့ ဖွဲ့စည်းပုံသာ ဒီမိုကရေစီနည်းလမ်းကျမှာပါ။ ဒါကြောင့်အဓိကကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို အရင်ပြင်ဆင်သင့်တယ်”ဟု KNUဗဟို ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောသမိန်ထောက ပြောကြားသည်။ 

“တစ်ဖက်နဲ့တစ်ဖက် ပြစ်တင်မှုတွေမရှိဘဲ win-win policy မျိုးပေါ့ဗျာ။ သူလည်းနိုင်ရမယ် ကိုယ်လည်းနိုင်ရမယ်ပေါ့။ ဒီလိုဖြစ်ဖို့က ခိုင်မာတဲ့ဖွဲ့စည်းပုံ ရှိဖို့လိုတယ်။ဒါမှ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း နိုင်ငံရေးစကားတွေပြောလို့ရမှာပါ”ဟု ပဒိုစောသမိန်ထောက ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ KNU ဗဟိုမှ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ ဗဟိုကော်မတီဝင်များဖြစ်သည့် ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောသမိန်ထော၊ ပဒိုစောမြမောင်နှင့် ငြိမ်းချမ်းရေးကော်မတီဝင် ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

“လတ်တလောအနေအထားအရ ဖွံ့ဖြိုးတိုးတက်ရေးကတော့ နည်းနည်းအချိန် စောင့်ရဦးမယ်။ ငြိမ်းချမ်းရေးက အဆုံးမရောက်သေးဘူး။ ရတော့ရနေပြီ။ အချိန်တစ်ခု စောင့်ရမယ်။ အဲဒီအချိန်ရောက်ရင်တော့ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရကနေ ဆောင်ရွက်သွားမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသန်းရွှေက ပြောကြားသည်။ 

Eleven Media Group 

KNU ဗဟို ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစောသမိန်ထောအား မီဒီယာများ မေးမြန်းနေစဉ်

0 comments:

Post a Comment