Thursday, May 1, 2014

တရုတ်စစ်တပ်အင်အား ကြီးထွားလာမှုတွင် ဥရောပသမဂ္ဂ ကုမ္ပဏီများ အထောက်အကူပြုခဲ့ကြောင်း လေ့လာတွေ့ရှိ


တရုတ်က စစ်အသုံးစရိတ် မြှင့်တင်နေပြီး အိမ်နီးချင်းများနှင့် ပင်လယ်ရေပိုင်နက် အငြင်းပွားမှုများ တင်းမာနေချိန်တွင် အေအက်ဖ်ပီက စူးစမ်းလေ့လာမှုများအရ ဥရောပနိုင်ငံများသည်

အာရှအင်အားကြီး တရုတ်ကို လက်နက်များနှင့် စစ်ရေးနည်းပညာများ လွှဲပြောင်းပေးအပ်ရန် ဒေါ်လာဘီလျံ အမြောက်အမြားရှိသည့် သဘောတူညီမှုများကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ တရုတ်လေတပ်သည် ပြင်သစ်ဒီဇိုင်း ရဟတ်ယာဉ်များကို အားကိုးနေပြီး တောင်တရုတ်ပင်လယ် အတွင်း၌ ပေကျင်း၏ စစ်အင်အား ခိုင်မာမှုကို ပြသသော ရေငုပ်သင်္ဘောများ၊ ဖရီးဂိတ်သင်္ဘောများသည် ဂျာမနီနှင့် ပြင်သစ်တို့၏ အင်ဂျင်များဖြင့် လည်ပတ်နေကြခြင်း ဖြစ်သည်။
ဧပြီလအတွင်း ပြင်သစ်ကို သွားရောက်လည်ပတ်ခဲ့သော တရုတ်သမ္မတ ရှီကျင်မင်းက တရုတ်တွင် အဲဘတ်စ်၊ EC 175 ရဟတ်ယာဉ်များကို ထုတ်လုပ်မှုအရှိန် မြင့်တင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းသဘောတူညီချက်က တရုတ်စစ်ဘက်သို့ နည်းပညာ လွှဲပြောင်းမှုကို ဖော်ပြနေကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
“တရုတ်စစ်ဘက်အတွက် ဥရောပတင်ပို့မှုတွေက အရမ်းအရေးကြီးပါတယ်။ ဥရောပ နည်းပညာတွေ မရဘဲ တရုတ်ရေတပ်က ရှေ့တိုးနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး” ဟု ဟောင်ကောင်အခြေစိုက် Kanwa Asian Defense Review ၏ အယ်ဒီတာ အင်ဒရေချန်က ပြောကြားခဲ့သည်။
၁၉၈၉ ခုနှစ် တီယန်မင်ရင်ပြင် ဖိနှိပ်မှုတွင် ဆန္ဒပြသူများအား တရုတ်စစ်တပ်က သတ်ဖြတ်ခဲ့ပြီးနောက် ဥရောပသမဂ္ဂသည် တရုတ်ကို လက်နက်တင်ပို့မှု ပိတ်ပင်ထားခဲ့သည်။ သို့သော်လည်း ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည် လက်နက်ပိတ်ပင်မှု ပြဌာန်းချက်အား လျော့ရဲစွာ အဓိပ္ပာယ်ဖော်ခဲ့ကြကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။ တရုတ်သည် ကမ္ဘာ့ဒုတိယ အကြီးဆုံး စစ်အသုံးစရိတ် အများဆုံး နိုင်ငံဖြစ်ပြီး ကာကွယ်ရေး အသုံးစရိတ်ကို ဘက်ဂျက်၏ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု ပြီးခဲ့သည့်လက ကြေညာခဲ့သည်။ ၂၀၁၂ ခုနှစ်အထိ ဆယ်နှစ်အတွင်း ဥရောပသမဂ္ဂ လက်နက်ထုတ်လုပ်သူများသည် တရုတ်ကို ဒေါ်လာ ၄ ဒသမ ၁ ဘီလျံတန်ဖိုးရှိ လက်နက်ကိရိယာများ တင်ပို့ခွင့်လိုင်စင်များ ရရှိခဲ့ကြောင်း သိရသည်။

Ref:AFP

တရုတ်အရှေ့ပိုင်း ကျန်စုပြည်နယ် နန်ကျင်းမြို့ ကာကွယ်ရေးပြတိုက်တွင် ပြသထားသော တရုတ်ရေတပ်သင်္ဘော ပုံစံငယ်များကို ကြည့်ရှုနေသူတစ်ဦး (Photo:AFP)

0 comments:

Post a Comment